မေးလို့သာ မေးလိုက်ရတာ၊ ကမ္ဘာမကျော် ဘာမကျော်ဆိုတော့ မြန်မာကျော်တစ်ယောက်
ဒုက္ခတွေ ရန်ကုန်ဝေနေတော့မှာ။ပြန်စရာအိမ်မရှိတာထက် ပြန်စရာစရိတ်မရှိတာက
ပိုကြေကွဲဖို့ ကောင်းနေ။
ခြင်္သေ့တို့မည်သည် မည်မျှပင်ဆာလောင်နေစေကာမူ မြက်ကိုမစား။ ဘယ်လိုလုပ်ကြမလဲ။
ခေါင်းမာမှုက အရည်ဖျော်သောက်လို့ မရ။ ဘယ်ပျော်ပါ့မလဲ။ မင်း ဒီလောက်ရေးအားကောင်းနေတာ
ငါ့ကို ကဗျာခုနှစ်ပုဒ်လောက် ချေးစမ်းကွာ။ ဟုတ်တာပေါ့ . . . ဒုက္ခကို မျှချိုနိုင်မယ့်ကောင်မလေး
မရှိတာလည်း အသည်းကွဲခြင်းတစ်မျိုးပဲ။
နိုင်ငံပိုင်မီးရထားကြီး စီးဖို့ လက်မှတ်ကို ပြည်တွင်းဖြစ်ကဗျာဆရာတစ်ယောက် ကိုယ်ကျင့်တရားနဲ့
ဝယ်ယူရန် သင့်/မသင့်?ဂျက်လန်ဒန်က သူ့သမိုင်းနဲ့သူ၊ ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်းက ခြေရာတွေ
လမ်းကို ဖုံးတယ်။ လေနှင်တဲ့ဆီ ပြေးးးးးးးးးးးးးးးးးးးးးးးးး
ချဉ်ချဉ်တူးတူး မူးပြီးရော တစ်ယောက်မှ မပါ၊ကောင်တာဖောက်မယ်၊ ဂိုးသွင်းမယ်။ ကျရာစွဲလောင်ဖို့
အရာရာ အရန်သင့် သွေးရဲ။ သောက်နေကျအိပ်မက်ရဲ့အဖုံးတွင်းကံစမ်းမဲကို မှော်ဆရာလို ပွတ်ဆွဲ။
ဘယ်လောက်လဲ!ဘယ် လောက် လဲ!!ဘယ် လောက် တဲ့ လဲ!!! အဲဒီလို ကိုယ့်နားရွက်ကိုယ် ဗန်ဂိုး
မသိအောင် ပြန်စမ်းမိတော့တယ်။ နေ့တွေက မိုးလိုစွေတဲ့အခါ ကျွန်တော်တို့က ထီးတွေလို ဟိတ်နဲ့
ဟန်နဲ့ လုံခြုံယောင်တတ်ဖို့။
စားလေကွာ . . . အဲဒါ ဘယ်တော့မှ ပုပ်သိုးမသွားမယ့်ငါ့လျှာ။ကိုယ့်ရင်ကိုယ် ဘယ်သူ ပြန်ခွဲချင်ပါ့မလဲ။
ကုန်တင်ကုန်ချ၊လမ်းဘေးဈေးသည်၊ဂျာနယ်လက်ပွေ့၊လှည်းကလေးနဲ့ဒိန်ချဉ်သည်၊ဟောဒီက သောက
ပူပူလေး၊မဖြစ်မနေ ရွေ့ရဦးမှာပဲ၊မြို့ထဲ . . .။ထုခွဲ . . .။အလဟဿ . . .။အဓိပ္ပာယ်မဲ့ . . .၊လကုန်ပြီ။
မဂ္ဂဇင်းတွေ အထွက်နောက်ကျ၊စီးကရက်ငွေ့တွေ မျက်လုံးထဲ ၀င်နေခိုက် အလစ်အငိုက်မျက်ရည်ဟာ၊
အလွမ်းပြေ ဘယ်သူမှ မရိပ်မိအောင် ပျော်စရာဇာတ်ဝင်ခန်းလုပ်ပစ်လိုက်ရုံ။
ဒီနေ့ ဘယ်အချိန်ထိ အိမ်မပြန်နိုင်တဲ့အရပ်မှာ အစ်ကို ရှိမလဲ ???
ကိုသျှား
လူညံ့တစ်ယောက်ရဲ့ သူ့ကိုယ်သူ ခြစ်ရာဖျက်ရာများ
ကဗျာဆရာရဲ့အသက်ဟာ သူ့ရဲ့ကဗျာတွေထဲမှာပဲ ရှိတယ်။ကဗျာဆရာနဲ့သူ့ရဲ့ကဗျာတွေကို ခွဲခွာဖို့ ကြိုးစားတာဟာ အဲဒီကဗျာဆရာကို သေကြောင်းကြံစည်တာပါပဲ။
Friday, November 2, 2012
Saturday, September 29, 2012
နည်းနည်းလေးဖြစ်ဖြစ် နေသာထိုင်သာရှိအောင် အဆိုးမြင်ဝါဒကို အဆင်ပြေပြေ မွမ်းမံ
နေ၀င်တယ်။မိုးချုပ်တယ်။ထမင်းစား ပြီး/မပြီး မသိ။လျှာက အရသာကို ရှာလို့မရ။အရသာက
လျှာကို အရင်းကနေ လွှဆွဲတယ်။သတိထား . . . ဒီမြို့က ဟိုမြို့နဲ့ မတူဘူး။အသက်နှစ်ဆယ့်
ခုနှစ်နှစ်ကျော်မှ ဘ၀ကို စတင်တွေးခေါ်မိတာက စတာပဲ။နှစ်ပါးသွားကဖို့ စဉ်းစားနေရုံနဲ့ပဲ အချစ်
ကဇာတ် လည်နေတော့မလား။တောက်ခေါက်လိုက်၊မကျေနပ်သေးရင် အော်ဆဲလိုက်။စိတ်ချမ်းသာ
စရာတွေ ပြန်တွေးအောက်မေ့ရင်း စိတ်ဆင်းရဲစရာတွေ ခေါင်းထဲ ဇွတ်ဝင်လာ။မငြင်းပယ်လိုက်နဲ့။
တံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်ရင် အမှောင်က ကမ်းဆိုက်တယ်။ရင်ဆို့နေတဲ့အိမ်လွမ်းစိတ်ဟာ
ဖွင့်ဖတ်လက်စစာမျက်နှာပေါ် ရှေ့ကရေး နောက်ကပျက်ပေါ့။ကဗျာဆရာအဖြစ်ကို မလိုချင်တော့ဘူး။
တစ်နေ့နှစ်ကြိမ် ဓားနဲ့အထောက်ခံထားရတဲ့ နှစ်ဆယ့်လေးနာရီလူ့အဖြစ်ကို မပိုင်ဆိုင်ချင်တော့ဘူး။
သူ တကယ်ချစ်တဲ့အငွေ့အသက်လေးနဲ့ပဲ ဖျားနာမှုကို အနွေးဓာတ်ပေးထားတယ်။ငါ အသက်ရှင်နေ
သေးတယ်ဆိုတာကိုတော့ ဒီကဗျာ/စာသားကို ဖတ်မိသူတွေ လက်ခံရဲ့မဟုတ်လား။တကယ်တမ်းကျ
တော့ မပြောချင်ပါဘူး။တကယ်တမ်းကျတော့ မပြောလို့ မဖြစ်/ပြီးဘူး(ထင်နေတာ)။သူသေကိုယ်သေ
သံခင်းတမန်ခင်းဆန်နေကြတာချည်းပဲ။တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်၊မေ့ကျန်ရစ်ခဲ့တဲ့နှင်းဆီပွင့်
ဖတ်တွေကို တစ်ရွက်ချင်း လှန်ဖတ်။ဓားဒဏ်ချက်ချင်း ထိုးခုတ်သတ်ပုတ်ရာက အံ့သြလွန်းလို့ ကျကွဲ
သွားတဲ့အသံ။အာခေါင်ကို မီးဆေးလက်စသံခက်ရင်းနဲ့ ထိုးကန့်လန့်ထားတယ်။ခင်ဗျားခြေထောက်
ဖြတ်ပစ်ရမယ်လို့ ဘယ်သူပြောလိုက်တာလဲ>;< ”””’ဒုန့်ထ် ၀ါရီ””’။ကျွန်တော့်ဆေးနဲ့တွေ့ရင် အလိုလို
ပြတ်ကျသွားစေရမယ်:D။. . . . . . . . . . . . . . . . . . ;( ။မသိရင်မှတ်ထား။ဒဏ်ရာတွေ မိုးချုပ်မှ
ခင်ဗျားခြွေချင်တဲ့ ကြယ်တွေကို မြင်ရမယ်။

Saturday, September 22, 2012
မြို့ပြလူ
အဓိကက ဘာမှဖြစ်မလာသေးခင် ဘာမှဖြစ်မသွားဖို့
အဓိကက လစ်ရင် လစ်သလို သမ်းဝေဖို့
အဓိကက ရန်ကုန်မှာ ဒါမျိုးမရဘူး အထူအပါး နားလည်
ခန္ဓာကိုယ်အနှံ့အပြား ၀ိုင်ယာကြိုးတွေနဲ့ တွယ်ချိတ်ထားတာ
ဟောင်းလောင်းပေါက်အာရုံအလုံးစုံကို ပလပ်ပေါက်ထင်ပြီး
ဂျက်ပင်တွေက လာလာထိုးကြ
မျက်နှာကျက်ထဲ ဘ၀တစ်ခုလုံး မြှုပ်ထားတဲ့ဖန်ချောင်း
ကုပ်ချောင်းချောင်း လင်းလင်းပြီး သူ့ကိုယ်သူ ပွတ်ပွတ်ကြည့်နေ
နေ့ခင်းကြောင်တောင် ငိုက်မြည်းနေတတ်တဲ့ပန်ကာကြီးက
လည်မြိုကို လှီးဖြတ်ဖို့ တ၀ှီးဝှီး ချောင်းမြောင်းနေသလိုလို
ပေသုံးဆယ်ပေခြောက်ဆယ်အခန်းထဲ မျက်လုံးတွေ ဘယ်မှ မရွေ့
နေ့လည်စာအဖြစ် စက္ကူတွေကို ၀ါးစားတယ်
ကိန်းဂဏန်းနဲ့စာရင်းဇယားတွေကို သောက်တယ်
ခလုတ်တစ်ချက်နှိပ်လိုက်ရင် ခေါင်းညိတ်တယ်
စကားတစ်ခွန်းပြောရင် “ ရက်စ် ”လိုက်တယ်
ဘာအဓိပ္ပာယ်မှန်း မသိတဲ့
“ မင်္ဂလာပါ” နဲ့ “ ကျေးဇူးတင်ပါတယ် ”ကို
မိဘပေးတဲ့အမွေလို မြေ၀ယ်မကျ ပြောတယ်
လက်မထိပ်ကို သံနဲ့ရိုက်ရွေးတဲ့သူရဲကောင်းတွေလောက်တော့
ပျင်းတောင် ပျင်းသေးဆိုတာမျိုး
တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေ တဖျင်းဖျင်းထနေတာတောင်
နာကျင်ရကောင်းမှန်း မသိဘူး
ခေါင်းထဲက ညှော်နံ့တွေ ထွက်လာတဲ့အထိ
တစ်နာရီ မိုင်တစ်ထောင်နှုန်းနဲ့ အပြေးအလွှား တွေးတယ်
အားကုန်သွားတဲ့ဘတ္ထရီကို ပြန်ဖြည့်ဖို့ ကသောကမျော အိပ်လိုက်ရ
မနက်လင်းရင် ရှော့ခ်တိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်နှိုးလိုက်ရ
သစ်ပင်တွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး
လူတွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တယ်
ကိုယ့်စိတ်ကို ပြန်မျှားနေမိတဲ့နံရံကနေ
ပဲ့တင်သံ ပြန်မလာတော့ဘူး

Wednesday, June 20, 2012
ငါ့အသားစတွေဟာ ငါ့အရိုးစုကနေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတယ်
ကိုသျှားပါ . . .
မင်းကို ရင်ပွင့်ပေါက်မတတ် ချစ်တဲ့ကောင်ပါ
မင်းပြောသလို ငါ့ကိုယ်ငါ ပြန်ညွှန်းဆိုပြရရင်
အပေါစားဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့စရိုက်မျိုးနဲ့ကောင်ပါ
ငါမှားခဲ့တယ်ဆိုတာ ငါ့ကိုယ်ငါ သိတယ်
လွယ်လွယ်လေးမှားခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ
အရိုးပဲ ရရ၊အသားပဲ ရရ၊ အောက်တန်းကျကျရယ်လို့ မင်းယူဆတဲ့
အဲဒီမိုက်မဲမှုမှာ ငါဟာ ပြာပုံအတိပြီးခဲ့ပြီ
ငါ မှားသွားတဲ့အကြောင်း ၀န်ခံလိုက်တဲ့ရိုးသားမှုဟာ
မင်းအတွက် ခြောက်အိပ်မက်တဲ့လား
မင်း ရွှေလို တန်ဖိုးထားတဲ့ မင်းကိုယ်ကျင့်တရားကို
ငါ ဘယ်နှရွေးစာလောက်များ တွန်းရွှေ့လိုက်ခဲ့မိလို့လဲ
( ၂ )
နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်
လမ်းပေါ်မှာ
မေ့အချစ်မြား စူးအလိုက် သွေးရူးရင်း
ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေရမယ်လို့
အော်နေတယ်
သူငယ်ချင်းတွေက ပြောတယ်
“ မင်းအသည်းကွဲတာ ကြောက်စရာကြီးငသျှားရာ ”
ငါ ရင်ကွဲနာကျနေတာ သူတို့ မသိဘူး
ငါ အရက်မသောက်ဘူး
ငါ လက်ဘက်ရည်ဆိုင် မထိုင်ဘူး
ငါ ဘယ်သူ့ကိုမှ စကားမပြောဘူး
တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်နေမိတဲ့စီးကရက်မီးခိုးငွေ့တွေထဲ
မင်းမျက်နှာကို ဆွဲဆွဲငင်ငင် ငေးကြည့်နေမိတယ်
နွမ်းရိစုတ်ပြဲနေတဲ့လက်သုတ်ဖတ်လို ငါဟာ လျော့ရဲလို့
( ၃ )
မင်း ရှိနေတာကို ငါ မသိခဲ့ဘူး၊မင်း ရှိနေတာကို ငါ သိခဲ့ပြီ
မင်းက လူတစ်ယောက် အသက်ရှုနေသေးတာကိုပဲ ကြည့်ပြီး
သူ အသက်ရှင်နေတာ ငါ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ တွေးနေမှာ
အသက်ရှုရင်း သေနေတဲ့လူတစ်ယောက်ကို မြင်မယ်မထင်ဘူး
အစိမ်းသေ သေခဲ့ရတဲ့ငါ့ကို မင်း မမြင်ဘူး
ခိုကိုးရာမဲ့လို့ အိပ်မက်မှာ ကိုယ်ယောင်ပြမိရင်တောင်
မင်းကို ခြောက်လှန့်တယ်ထင်ရင် ထင်ဦးမယ်
( ၄ )
ငါ့မက်ခရိုစက္ကန့်တိုင်းဟာ အ၀ိစိတစ်ခုစာနဲ့ ညီမျှခြင်းကျနေတယ်
ကြယ်တွေကို ရေတွက်ရင်း ကြည်နူးနေတဲ့ကလေးတစ်ယောက်ရဲ့ပါးပြင်ကို
အမှောင်ဟာ အငြိုးတကြီး ဖြတ်ရိုက်သွားတာလား
ဝေါဟာရတွေကို ပြုပြင်လို့ရစတမ်းဆိုရင်
“ ငါ့ဘ၀ ”ရဲ့နေရာမှာ မင်းနာမည်ကို မင်း ဖတ်ရလိမ့်မယ်
ငရဲပန်းကို တစ်ခေါင်းလုံးတောထအောင် ပန်ဆင်ခဲ့ရတဲ့နေထိုင်မှုထဲ
သီဆိုနေဆဲမျှော်လင့်ခြင်းသီချင်းမဆုံးခင်
ငါ့လျှာဟာ အရင်းကနေ လွှဆွဲခံလိုက်ရသလို ပြတ်ကျတယ်
ငါ တီးခတ်နေတဲ့ဂစ်တာကနေ ပြတ်ထွက်သွားတဲ့ကြိုးက
ငါ့မျက်လုံးတွေကို ထိုးဖောက်တယ်
( ၅ )
“ နေ အရမ်းပူလွန်းလို့ ကျွန်တော် ဒီပြစ်မှုကို ကျူးလွန်မိတာပါ ”
“ ကျွန်တော့်အမှုသည်ကို အမေသေတာ မငိုတဲ့အမှုနဲ့ စွဲချက်တင်တာလား
လူသတ်မှုနဲ့စွဲချက်တင်တာလား သိပါရစေ ”
(စည်းအပြင်က လူမှ ပြောစကားများ)
“ ဘယ်အရာမျိုးကိုမဆို ရှင် ခံနိုင်ရည်ရှိစေချင်တာပါကိုသျှား ”
“ အကြောင်းတစ်ခုခုကြောင့် မင်းနဲ့ဝေးကွာသွားရမှာကလွဲရင်
ဘယ်လိုလောကဓံမျိုးကိုမဆို ကိုယ် ခံနိုင်ရည်ရှိတယ် ”
ဆင်ခြေတွေပေးပြီး ရှောင်ထွက်တတ်တဲ့ကကွက်ကို ငါ မကြိုက်ဘူး
မှားခဲ့သမျှကို ၀န်ချတောင်းပန်ဖို့ မင်းခြေရင်းမှာ ငါ ၀ပ်ဆင်းခဲ့သားပဲ
မင်းဟာ ပြတ်သားမှုလက်ကိုင်ရိုးတပ်ထားတဲ့အချွန်မြိဆုံးဓားမြှောင်တစ်လက်
ငါ့ရင်ကို ထိုးစိုက်လိုက်ရမှ ကျေနပ်မယ်ဆိုရင်လည်း
အဲဒီဓားဦးလှည့်ရာ ငါ အရှိန်အဟုန်နဲ့ ထိုးစိုက်ပျံဆင်းလာခဲ့မယ်
အာခေါင်ကနေ လက်တစ်ဆုံးနှိုက်ပြီး ငါ့ကလီစာတွေကို ထုတ်ယူလိုက်သလိုမျိုး
အပင်းဆို့နေတဲ့ငါ့အမိုက်အမှားတွေကို လှီးထုတ်ပစ်လိုက်လို့ရရင် ကောင်းမယ်
ဖြစ်လာသမျှ အပျက်အစီးတိုင်းဟာ ငါ့အပြစ်တွေချည်းပါပဲ
( ၆ )
မင်းကို ငါ ချစ်ခွင့်ပန်ခဲ့တာ ချစ်လို့
မင်းဆီကို ငါ ဖုန်းဆက်နေတာ ချစ်လို့
မင်းကို ငါ ဒီလောက်ကြီးထိ သည်းသည်းမဲမဲ တောင်းပန်နေတာ ချစ်လို့
အိုကွာ . . .
ချစ်လို့!!!
ချစ်လို့!!!!
ချစ်လို့!!!!!
ငါ မင်းကို ချစ်လွန်းလို့ !!!!!!!
ဂျီတော့(ခ်)မှာ မိန်းကလေးတစ်ယောက်ကို
အီမိတဲ့အကြောင်း မင်းကို ဖွင့်ဟ၀န်ခံလိုက်တာဟာ
ငါ့လျှာပေါ် ငါကိုယ်တိုင် ဓားသွေးခဲ့ရတာပါပဲ
ငါ ပြောပြမှ မင်း သိမှာဆိုတော့ ငါ ပြောမပြဘဲ မနေရက်ခဲ့ဘူး
မင်းစိတ်က အရမ်းဆတ်လွန်းတယ်
အဲဒီဆတ်လွန်းတဲ့စိတ်ကိုမှ ငါက ခုတ်ချမိတော့
နှစ်ယောက်စလုံး ကျိုးကျခဲ့ရတော့တာပေါ့
ပင်ပန်းလွန်းလိုက်တာ . . .
စိတ်ရော၊ကိုယ်ရော တွင်းနက်ကြီးထဲ ထိုးကျ
အာရုံတွေ အ,တယ်
စင်ပေါ်တက်ဖို့ အရှိန်ယူနေဆဲငါ့နာမည်ကိုလည်း
ငါကိုယ်တိုင်ပဲ စုတ်ဖြဲမိတော့တယ်
ဒါဟာ မင်းကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့မိတဲ့အတွက်
ငါ ပြန်လည်ပေးဆပ်နိုင်သမျှ လျော်ကြေးပါ
( ၇ )
မကာရရာသီဖွားတစ်ယောက်ဖြစ်တဲ့ငါ့စိတ်ကို
မကာရရာသီဖွားတစ်ယောက်ဖြစ်တဲ့မင်း ကျမ်းမကျေခဲ့ဘူးလား
မင်းဟာ ငါ့ချစ်သူမဟုတ်ခဲ့ပေမယ့် မင်းဟာ ငါ့ချစ်သူပါပဲ
စိတ်မှန်းနဲ့ရေးဆွဲထားတဲ့အနာဂတ်မြေပုံကြမ်းမှာ
ငါတို့ရဲ့တူနှစ်ကိုယ်အိပ်မက်လေး စိမ်းလန်းခဲ့ဖူးတယ်
နှစ်ကိုယ်တူဆောက်မယ့်ဘ၀အိမ်လေးအကြောင်း တွေးတောကြည်နူးရင်း
ငါ့နေ့ရက်တွေရဲ့လည်ဆံမွှေးကို လေလေးတချွန်ချွန်နဲ့ ငါ သ,ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်
ဘယ်ဘာသာစကားကိုပဲ သုံးသုံး
ငါ ပြန်ရလာမယ့်အနက်အဓိပ္ပာယ်ဟာ ကြေကွဲခြင်းပဲလား
မင်း ငါ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးဆိုတာ ငါ သိတယ်
မိုက်မိုက်မဲမဲ ငါ့မှားယွင်းမှုကနေ ဖော်စပ်ထားတဲ့အဆိပ်ခွက်ကို
ငါကိုယ်တိုင် သောက်ခဲ့ရတယ်ဆိုပေမယ့်
ကြိုးမိန့်ကျပြီးသား တရားခံတစ်ယောက်လောက်မှ
ဆုတောင်းခွင့်ကို မပေးခဲ့တာ ငါ့သံသရာထိ ကျိန်စာသင့်နေတော့မှာ
( ၈ )
( က ) ရွှေငါးလေးနဲ့ဝေးဝေးက နေ့စွဲတွေ
( ခ ) ငြိမ်း
( ဂ ) မာရီယာ ( ၄ )
( ဃ ) မိုးမဆုံးမေးခွန်းတွေ မီးခိုးလို တငွေ့ငွေ့
( င ) အဝေးတစ်နေရာ
( စ ) ကျေးတောသား
( ဆ ) လူပြက်
ကဗျာအဖြစ် မင်းအတွက် ငါ ရည်ရွယ်ရေးဖွဲ့ထားသမျှ အရာရာဟာ
ငါ့အတွက်တော့ ငါ့ ရုပ်အလောင်းကို သဂြိုလ်မယ့်လောင်စာတွေ ဖြစ်ခဲ့ပြီ
မှတ်မိအောင် နောက်တစ်ခေါက်ထပ်ရေးပြရရင် ခေါင်းစဉ်က
“ ငါ့အသားစတွေဟာ ငါ့အရိုးစုကနေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတယ် ”
( ၉ )
ဒီကဗျာကို ငါပလီပလာနဲ့ ရေးနေတာပါလို့ မင်း မစွပ်စွဲဖို့လောက်တော့
ငါ မျှော်လင့်ပါရစေ
ပြည်တည်နာတစ်ခုလို လှိုက်စားခံနေရတဲ့ငါ့နှလုံးသားကို
အပ်နဲ့ထိုးဖောက်ခံလိုက်ရသလို ပန်းထွက်လာတဲ့စကားလုံးတွေ
အလျှံညီးညီး တောက်လောင်နေတာကိုတော့
( ငါ့ကို ဘယ်လောက်ပဲ မုန်းမုန်း )
ဘယ်လိုနည်းနဲ့မှ မင်း မလှောင်ရက်ဘူးဆိုတာ ငါ ယုံတယ်
( ၁၀ )
ငါ ပျော့ညံ့တာကို မင်း မကြိုက်ဘူးမဟုတ်လား
မိန်းကလေးတစ်ယောက်အတွက် ငါ မျက်ရည်ကျတာကို
မင်း ရွံတယ်မဟုတ်လား
အခု မင်းလက်ထဲကသေနတ်ပြောင်းဝကို
ငါ့နှဖူးမှာ စူးစူးရဲရဲ တေ့ပေးထားတယ်
` မှတ်ထားပါ
ငါ့ကို ချစ်တာကို သက်သေပြချင်ရင်
ဘယ်တော့မှ ငါ့ကို ဆက်သွယ်ဖို့ မကြိုးစားပါနဲ့
အဲဒါမှ နင် ငါ့ကို ချစ်တာကို ယုံမယ် ´
ကဲ . . .
အခု ငါ ဒီကဗျာနဲ့ မင်းကို ဆက်သွယ်လိုက်မိပြီ
ငါ့နှဖူးမှာ တေ့ထားတဲ့မင်းသေနတ်ကို မောင်းဖြုတ်လိုက်ပါတော့
( ၁၁ )
အဲဒီနေ့ကတည်းက ငါ့ခေါင်းဟာ ငါ့ခန္ဓာကိုယ်ပေါ်ကနေ ခုန်ဆင်းပြီး
အရှိန်ပြင်းပြင်းမောင်းဝင်လာတဲ့ကားအောက် လှိမ့်ဝင်သွားခဲ့
အဲဒီနေ့ကတည်းက ငါ့လက်တွေဟာ မုန်တိုင်းနဲ့ရိုက်ချိုးခံရတဲ့ပွင့်ဖတ်တွေလို
ငါ့ခန္ဓာကနေ ကြွေကျသွားခဲ့
အဲဒီနေ့ကတည်းက ငါ့ခြေထောက်တွေဟာ ပိုးထိုးခံထားရတဲ့အိမ်တိုင်တစ်လုံးလို
ငါ့ခန္ဓာကနေ ဆွေးမြေ့ပြိုလဲသွားခဲ့
အဲဒီနေ့ကတည်းက ငါ့ခန္ဓာကိုယ်တစ်ခုလုံး
ရထားသံလမ်းပေါ် အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့ရပေါ့
ငါ့ရဲ့အသားစတွေ၊အရိုးစတွေဟာ ညှီစို့စို့ငါ့သွေးကန်ထဲမှာ
ပွက်ပွက်ဆူရေနွေးအိုးထဲ ပစ်ထည့်ခံရတဲ့အရှင်လတ်လတ်ဖားတွေလို
ပေါလောမျောနေတယ်
( ၁၂ )
နောက်ဆို မင်းနာကျည်းနေတဲ့ ငါ့ရဲ့ကဗျာတွေကို
မင်း မဖတ်စေရပါဘူး
မင်းကို ဆက်သွယ်တယ်လို့ယူဆရနိုင်မယ့် ငါ့ခြေရာလက်ရာတွေကိုလည်း
သဲလွန်စမကျန်အောင် ဖျောက်ဖျက်ပေးပါ့မယ်
ငါဟာ ဒီခန္ဓာကနေ နောက်ခန္ဓာသစ်တစ်ခုဆီ ရေဒီယိုသတ္တိလို ရုန်းကြွနေတယ်
အရိုင်းညလေပြေထဲ ငါ့စိတ်ဟာ ၀ိဥာဉ်လို ဂယောင်ခြောက်ခြား လွင့်လို့
ဒီကဗျာကို ငါ့ရဲ့ အုတ်ဂူပေါ်မှာ နောက်ဆုံးအနေနဲ့
ငါကိုယ်တိုင် လက်မောင်းသွေးဖောက်ပြီး ရေးခဲ့တာပါ
( ၁၃ )
ဘာပဲဖြစ်ဖြစ် ငါ ပျော်ပါတယ်
` ကျန်းမာရေးကို ဂရုစိုက်နော်၊ဆေးလိပ်တွေ သိပ်မသောက်နဲ့ ´
` ရှင် အဆင်ပြေလား ´
` ကျုပ် ရှင့်ကို ယူလိုက်ရင် ရှင်နဲ့အတူ ရွာမှာပဲ နွားကျောင်းရမယ်ပေါ့ ´
` ရှင် ဒီအချိန်ကြီးထိ အိမ်မပြန်သေးဘူးဆိုတော့ ရှင့်မိဘတွေက စိတ်ပူနေတော့မှာပဲ ´
` ဒီအချိန်ကြီးမှာ ဖုန်းဆက်ရတယ်လို့ ရှင်တော့ ရူးနေပြီ ´
` ရှင် စကား အရမ်းတတ်လွန်းတယ် ´
အခုလို သေငယ်ဇောနဲ့မျောနေရတဲ့အချိန်မှာတောင်
အဲဒီစကားသံလေးတွေကို ပြန်လည်ကြားယောင်ခွင့်ရနေသေးတဲ့အတွက်
ငါ ပျော်ပါတယ်
သြဂုတ်လ ( ၁၃ ) ရက် . . .
အဲဒီနေ့မှာ မင်းဆီ တမလွန်ကနေလှမ်းတောင်းပန်လိုက်တဲ့မက်ဆေ့ဂ်ျဝင်လာခဲ့ရင်
ကျေးဇူးပြုပြီး . . . သွေးမလန့်လိုက်ပါနဲ့
အဲဒီနေ့မှာ မင်းအတွေးထဲ ရင်ဘတ်ဓားတန်းလန်းနဲ့လူတစ်ယောက်ရောက်လာခဲ့ရင်
ကျေးဇူးပြုပြီး . . . အမျှမဝေလိုက်ပါနဲ့ငြိမ်း
ကိုသျှား
(ရည်ညွှန်းချက်။ ။ချစ်သော . . .
ထို့ထက်ပို၍ ချစ်သော . . .
အချစ်ဆုံး . . .
` ရွှေငါးလေး ´. . .သို့ )
Wednesday, June 6, 2012
ငါ့တစ်ကိုယ်စာ တရား
အဆင်မပြေတဲ့လူက အဆင်မပြေသလို သောကပွားပြီး
အဆင်ပြေတဲ့လူက အဆင်ပြေသလို လောဘများတာပဲ
မျက်နှာသစ်မယ့်ရေခွက်ထဲ ကိုယ့်ဒုက္ခကိုယ် မှန်ထောင်ကြည့်လိုက်
ကိုယ့်ကိုယ်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်
မမီမကမ်းစကားလုံးတွေနဲ့ လောကကြီးကို တွေးခေါ်စရာမလိုဘူး
ဒါနဲ့မှ ပျော်စရာမတွေ့သေးရင်မျက်လုံးကို ထက်သထက် ထက်အောင် သွေးပြီး
ဆတ်ကော့လတ်ကော့မိန်းမတစ်ယောက်ရဲ့ရင်အုံကို
ဓားမြှောင်လို ထိုးစိုက်ခွင့်ရှိသေးတယ်
ကဗျာဆရာတွေပြောပြောနေတဲ့ရူးသွပ်မှုမှာ
ငါ့အရသာဟာ ဘယ်လိုအဆင်းရနံ့မျိုးလဲ
ပေါက်နေတဲ့ခပ်ညံ့ညံ့ပြန်ဆိုတေးတစ်ပုဒ်ကို လေချွန်ရင်း
လူတစ်ကိုယ်လုံး အမှိုက်လေးတစ်စလို လွင့်နေတယ်
ငါတို့နေထိုင်ရတာ ရွှေသားအတိပြီးတဲ့ဈေးနှုန်းတွေနဲ့
အသံထွက်မှန်အောင် မဖတ်တတ်လည်း
အလွယ်တကူဝယ်ယူဝတ်ဆင်ခွင့်ရှိတဲ့ပျော်ရွှင်ဖွယ်ဘ၀မှာ
အင်္ကျီမှာ စီးကရက်နံ့လို စွဲနေတဲ့ အကုသိုလ်တွေကို ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ်
ငါ့ဘွဲ့ဓာတ်ပုံမှန်ကားလေး ဖုန်သုတ်နေရင်း
ကျကွဲသွားတာလည်း ကောင်းပါတယ်
ဘာတွေဖြစ်ဖြစ် ကောင်းပါတယ်၊ဘယ်လိုဖြစ်ဖြစ်
ကောင်းပါတယ်၊ဘာတွေ ဘယ်လိုပဲဖြစ်နေနေ ကောင်းပါတယ်
ဒီကဗျာကို ဒီနေရာမှာတင် ရပ်ထားလိုက်တာလည်း ကောင်းမယ်ထင်ပါတယ်
ကိုသျှား
စပယ်ဖတ်စာ
မင်းဘ၀ဟာ စပယ်တစ်ပွင့်စာလောက်မှ မွှေးပျံ့ပါရဲ့လားကလေးရယ်
နုနယ်တဲ့မင်းပါးပြင်ပေါ်က ချွေးသီးချွေးပေါက်တွေဟာ
မင်းရင်အုံကို ကျည်ဆံတွေအဖြစ် အရှိန်ပြင်းပြင်း ထိမှန်နေပြီလား
ဟိုလူဝယ်နိုးနိုး ဒီလူဝယ်နိုးနိုး အော်ခေါ်နေတဲ့အသံစာစာလေးနဲ့
မောက်မာတဲ့ကားဟွန်းသံတွေ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူး
မင်းအသက်မင်းအရွယ် ကလေးတစ်ယောက်ရဲ့နှုတ်ခမ်းမှာ
စာအံသံတွေသာ တွဲလဲခိုနေသင့်တာပေါ့
ကျောင်းတော်ကြီးက ငြင်းပယ်လိုက်မှာ စိုးရိမ်လို့
အမြီးတိုဖိနပ်လေး လမ်းမပေါ် နေရည်ပူတွေ လောင်းချခံပစ်လိုက်တာလား
ဆရာ၊ဆရာမတွေက အော်ငေါက်ပစ်လိုက်မှာ ကြောက်ရွံ့လို့
နွမ်းရိပေါက်ပြဲနေတဲ့အင်္ကျီလေးပေါ် လောကဓံကို ရေးခြစ်
သင်ယူကျက်မှတ်လိုက်တာလား
ကျောင်းစိမ်းဝတ်စုံနဲ့ကလေးတွေ စာအုပ်ကိုယ်စီ ထုတ်ဖတ်နေချိန်မှာ
စပယ်ပွင့်ကလေးတွေဟာ မင်း ဖတ်နေရတဲ့အက္ခရာတွေ
မင်းဆီက ၀ယ်ယူသွားတဲ့ပန်းကုံးလေးတွေကို
ဘုရားမှာ ကပ်လှူပူဇော်လိုက်ကြတဲ့အခါ
စပယ်ပွင့်ကလေးတွေက မင်းဘ၀လေး သာယာချမ်းမြေ့ဖို့
တခုတ်တရ ဆုတောင်းပေးကြပါလိမ့်မယ်
ခြောက်သွေ့ရိုးပြတ်တောငယ်တစ်ခုလို နီကျင်ကြမ်းရင့်နေတဲ့ဆံပင်တွေကို
ဖွဖွရွရွလေး ပွတ်သပ်ပေးရင်း တီးတိုးရေရွတ်လိုက်မိတယ်
စပယ်ရနံ့ပေါ် လမ်းလျှောက်နေရတဲ့ မင်းရှင်သန်မှုလေး
သင်းသင်းရှရှ မွှေးမြနိုင်ပါစေကွယ်
ဦးဦးကို ခွင့်ပြုပါဦးကလေးရယ်
ဦးဦးရဲ့လက်ထဲမှာလည်း
မင်းမမြင်မင်းမသိနိုင်တဲ့စပယ်ပန်းကုံးလေးတွေနဲ့ပါ
ကိုသျှား
Friday, June 1, 2012
လူနာ
ကိုယ့်လက်တွေနဲ့ ဖမ်းဆုပ်လို့မရနိုင်တဲ့ကြယ်တွေဆီ စိတ်လွင့်
ကိုယ့်ရင်ခွင်နဲ့ ပိုက်ထွေးဖို့မထိုက်တန်တဲ့အလှတရားဆီ စိတ်လွင့်
ကိုယ့်ရင်ခုန်သံနဲ့ ပွန်းတီးဖို့မလောက်ငှတဲ့ပွတ်သပ်မှုတွေဆီ စိတ်လွင့်
ကိုယ့်အချစ်နဲ့ ထုဆစ်လို့မရနိုင်တဲ့လောကသစ်တစ်ခုဆီ စိတ်လွင့်
ကိုယ့်အနမ်းနဲ့ တဖန်ရှင်သန်ဖို့မသေချာတဲ့နှင်းဆီသေတွေဆီ စိတ်လွင့်
အဲဒီလို ရောက်တတ်ရာရာ စိတ်ဟာ ကြပ်ခိုးစွဲခဲ့ပြီ
သေခြင်းတရားဆီ တစ်လှမ်းချင်းရွေ့နေတဲ့ခြေထောက်တွေခေါ်ဆောင်ရာ
ကံဆိုးမိုးမှောင်ကျမှုတွေ အရိပ်လို ကပ်ငြိပါလာ
အချစ်ဆိုလဲ အချစ်မို့ ဘ၀ဆိုလဲ ဘ၀မို့
တစ်မျိုးစီ ကျရှုံးခဲ့ရတာချည်းပါပဲ
ကိုယ်က အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း
လက်တွေ့ဘ၀ထဲမှာ အိပ်မက်တွေသာ ထပ်တလဲလဲ မက်နေမိသူ
အခုချိန်ထိတော့ ခေတ်တစ်ခုရဲ့အလျဉ်ထဲ ဆန်တက်စီးဆင်းမယ့်
နာမည်မပေးရသေးတဲ့မြစ်ဟာ ကိုယ်လို့ထင်နေတုန်းပဲ
လမ်းမယဉ်ကျေးမှုနဲ့သားစပ်ခံမြို့ပြအခင်းအကျင်းမှာ
ကိုယ်ဟာ
ကြိုးပြတ်ဂစ်တာတစ်လက်သာ ဖြစ်ခဲ့တယ်
အလင်းမဲ့လမ်းဘေးမီးတိုင်တွေရဲ့ညတစ်ညသာ ဖြစ်ခဲ့တယ်
ဘိုဟီးမီးယန်းတွေရဲ့ဆိုနေကျသီချင်းတစ်ပုဒ်သာ ဖြစ်ခဲ့တယ်
ကိုယ်နဲ့ထိုက်တန်တဲ့ဆုတံဆိပ်တွေလည်း ကိုယ်နဲ့လွဲချော်ခဲ့ဖူးပြီ
ကိုယ်ရိတ်သိမ်းရလုဆဲဆဲ တောင်ယာလေးလည်း
ရုတ်တရက် ရိုးပြတ်ခဲ့ဖူးပြီ
ကိုယ်အန်ထုတ်ပစ်တော့မယ့်လောကဓံကိုလည်း
မချိမဆန့် ပြန်မြိုချခဲ့ဖူးပြီ
ကိုယ်ဟာ အရှင်လတ်လတ် အရေခွံခွာခံထားရတဲ့နွားတစ်ကောင်လို
မျှော်လင့်တမ်းမက်မှုတွေ အဖတ်လိုက်အဖတ်လိုက် ကွာကျ
အမာရွတ်ပေါ် ဓားနဲ့ထွင်းတဲ့ယုံကြည်ချက်တွေ သွေးစိမ်းရှင်ရှင် ပွက်ထလို့
သိပ်တော့လဲ မထူးဆန်းလှပါဘူး
လူရယ်လို့ဖြစ်လာမှတော့
အဓိပတိဖွားလဲ ဒွန်းစဏ္ဍားဖြစ်သွားနိုင်တာပဲမဟုတ်လား
ကိုယ့်သမိုင်းမှာ ပန်းပွင့်စေတဲ့မှော်ပညာတွေ မရှိခဲ့ဘူး
ကိုယ့်ရာဇ၀င်မှာ ရေမရောရတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး
ကိုယ့်အသည်းနှလုံးမှာ ဓားချက်တွေ ဗရပွ
ကိုယ့်ရင်ဘတ်မှာ ချုပ်ရိုး အထပ်ထပ်
အဲဒီလို ကိုယ့်ဆီရောက်ရှိလာတဲ့နေ့တွေ
ဆက်ထုံးများလွန်းလှပါတယ်
လူသားတစ်ယောက်အနေနဲ့
တစ်ခါတစ်ခါ ကောင်းကင်ပေါ် ခုန်တက်
ကိုယ်လဲ နက္ခတ်သစ်တစ်လုံးလို ကျင့်ကြံနေထိုင်ချင်တာပေါ့
ကိုယ့်အတ္တရဲ့အကုသိုလ်အနည်းအများက
ကိုယ့်ဘ၀ကို ဈေးကစားခဲ့ပြီလား
ပုထုဇဉ်သဘာဝဆိုတော့
ငွေကြေး၊ကာမဂုဏ်နဲ့လိင်ရမ္မက်အတွက်
ကိုယ်လဲ တစ်ကိုယ်ကောင်းဆန်တဲ့အခါ ဆန်မိမှာပေါ့
ကိုယ့်သမာဓိကို ထိပါး ကိုယ့်အတ္တကို စော်ကားခံရတဲ့အခါ
ကိုယ့်အကောင်းမြင်နက္ခတ်လေး အတွန်းအတိုက်များလာတဲ့အခါ
ကိုယ့်မာနစိတ်လေး အထိအရှများလာတဲ့အခါ
ကိုယ့်ဘ၀ကို အမဲလိုက်သလို အလိုက်ခံရတဲ့အခါ
အကျအရှုံးတွေ ရင်ခွင်ပိုက် ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာရတဲ့အခါ
ကိုယ့်ကို ၀ိုင်းဟောင်ကြတဲ့မျက်လုံးတွေကို
ကျားနာတစ်ကောင်လို အော်ဟစ်မာန်ဖီပစ်ချင်တယ်
ရိုးသားတဲ့စပျစ်သီးလေးတွေကို
လူတွေက ရက်ရက်စက်စက် ၀ိုင်ဖြစ်စေခဲ့သလို
နူးညံ့ရွှန်းစိုတဲ့ကိုယ့်နှလုံးသားကိုလဲ
သူတို့အတ္တရဲ့ညစာအဖြစ် ပွဲတော်တည်ချင်ကြတယ်
စပျစ်သီးလေးတွေ နာနာကျင်ကျင် တိတ်ဆိတ်လည်စင်းပေးခဲ့သလို
ကိုယ်လဲ ကိုယ့်ကိုကိုယ် စူးစူးဝါးဝါး ပြန်မြိုချခဲ့ပါတယ်
တစ်ချို့က ငါးမျှားဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က ငါးပါးသီလဆောက်တည်ဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က ဓားရောင်းဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က နောက်ကျောကိုဓားနဲ့ထိုးဖို့ လူဖြစ်လာခဲ့တယ်
ဘယ်ဘုရားရှင်ရဲ့အဆုံးအမမှာပဲတည်တည်
ဘယ်ဝါဒကိုပဲလက်ကိုင်ထားထား
လူမှန်ရင် လူဆန်ဖို့နဲ့လူပီသဖို့ပဲ လိုတယ်
ကိုယ်က သစ္စာစောင့်သိခဲ့လဲ ကိုယ့်ကို လုပ်ကြံချင်ကြတယ်
ကိုယ့်လူသားဆန်မှုတွေ ခြေစုံကန်ခံရတဲ့အခါ
ဘာကိုညွှန်းဆိုရမှန်းမသိတဲ့နာကျည်းချက်တွေ
ရင်ထဲ လှိုက်လောင်တယ်
သူရဲကောင်းတစ်ယောက်အတွက် ဒဏ်ရာဆိုတာ ဆုလာဘ်ပဲ
အဲဒီလို ကိုယ့်ကိုကိုယ် နားချနေမိလဲ
ကိုယ်က အကျအရှုံးတွေသာ ပွင့်ဝေတတ်တဲ့ဓားသွား
ဘ၀တစ်လျှောက်လုံး ဘယ်သူ့ဓားချက်နဲ့တိုက်ပွဲကျသွားမလဲ
ရင်ထိတ်နေမိသူ
ဘာပဲဖြစ်ဖြစ်
ကိုယ့်ရိုးသားမှုဟာ ဘယ်တော့မှ လက်နက်မချဘူး
ကိုယ့်သစ္စာတရားဟာ ဘယ်တော့မှ အလံမလဲဘူး
ကိုယ်သိခဲ့တာ ကြာပါပြီ
လောကဓံဆိုတာ
စိတ်ညစ်တဲ့အခါ ဘာရယ်မဟုတ်ဘဲ ကန်ပစ်လိုက်လို့
လွင့်ထွက်သွားတဲ့ခဲလေးတစ်လုံးထက် ဘာမှမပိုပါဘူး
ဆန္ဒညွှန်ရာ ပြိုပြိုကျနေတဲ့အသံထွက်မှားကြောင်း မသိလို့
ကြယ်တွေဆီ အငမ်းမရ လက်ညှိုးထိုးပြနေတုန်းပဲ
ဘ၀တစ်ခုလုံး ရေစီးကမ်းပြိုဖြစ်နေတာကို မကြားခဲ့ဘူး
နားချလို့မရတဲ့ အစွဲအလန်းတွေကို
ဘုရားမှာ ခေါင်းလောင်းထိုးလှူဖို့
ကိုယ့်ဘ၀ကိုယ် ဆည်းလည်းသံလေးလို ချိုဖူးချင်သေးတယ်
ကိုယ့်မှာပေါင်မုန့်တစ်လုံးတည်းရှိလေတော့
ကြွက်တွေကိုတောင် ကြောက်လန့်နေရတယ်
ကိုယ့်ခေတ်တစ်ခုလုံးဟာ ရက်လွန်အက္ခရာတွေလား
ကိုယ်ပြဋ္ဌာန်းရာယုံကြည်ချက်တွေ မှောင်လွန်းလှချည့်
ရှင်သန်နေရတာကိုက ပုစ္ဆာတစ်ပုဒ်လို
ကံကြမ္မာကို ခေါင်းပန်းလှန်ခွင့်မရခဲ့
ကိုယ့်စိတ်အလိုအတိုင်းဆိုရင်
ဘ၀ဇာတ်ခုံပေါ် ကျရာဇာတ်ရုပ်ကနေပီပြင်အောင်သရုပ်ဆောင်ပြီး
အကယ်ဒမီတွေ တပွေ့တပိုက်ကြီး ရယူချင်တာပေါ့
အခုတော့….
ရင်ထဲမှာကြေကွဲနေလဲ ကြည်နူးယောင်ဆောင်ရ
စိတ်ထဲမှာနာကျင်နေလဲ ပျော်ရွှင်ယောင်ဆောင်ရ
ကိုယ်တိုင်မရယ်ရတဲ့ပြက်လုံးတွေနဲ
ဘ၀ဟာ နာကျည်းစရာ ခေါက်ရိုးကျိုးခဲ့ပါပြီကွာ
လျှောက်ရမယ့်လမ်းတွေက ဘ၀ထက် ရှည်တယ်
ကိုယ်က စိတ်သွားတိုင်း ကိုယ်မပါဘူး
ကိုသျှား
ပြဿဒါးကြိုးနဲ့ လက်ပြန်တုပ်ခံခဲ့ရတဲ့နေ့တွေ
အိမ်ရဲ့အငွေ့အသက်ဟာ လေထဲမှာ ငါးကြော်နံ့လို ပျံ့လွင့်လာတယ်
အိပ်တန်းပြန်ငှက်တွေကို မနာလိုဖြစ်မိမှာ စိုးလို့
ညနေဆည်းဆာကို မော့မကြည့်ရဲဘူး
မျက်ဝန်းထောင့်စွန်းဆီ လွင့်ဝဲလာတဲ့တိမ်တစ်စ
ဆွေးရိပ်နဲ့ မှိုင်းညို့နေတာ မြင်ရတယ်
လက်ဘက်ရည်အစအနတွေပေါ် ဘ၀တစ်ခုလုံး ခြေစုံပစ်နားလိုက်ချင်လို့
ခွက်ကို လက်ထဲကအချ စောင့်မျှော်နေတဲ့ယင်တစ်ကောင်လို
ကျွန်တော့်အပြန်လမ်းဆိုတာ ခပ်မျှင်းမျှင်းပွတ်ဆွဲနေရတဲ့ဖဲတစ်ချပ်
သံစုံဂီတတွေ မြူးကြွစည်ကားနေတဲ့မြို့ပြဆိုပေမယ့်
ကိုယ့်ကိုယ်ကို အလင်းဖြာအောင် ဘယ်လိုဂါထာမန္တန်နဲ့မှ မန်းမှုတ်လို့ မရ
ကျွန်တော့်ရှေ့မှာ တသွင်သွင်စီးဆင်းနေတဲ့လမ်းမဟာ
ညိုညစ်ညစ်သွေးပုပ်တွေလား
အပြိုင်မောင်းနှင်နေတဲ့ယာဉ်ကြီးယာဉ်ငယ်တွေဟာ
မြင်ကွင်းထဲ ခွေးသေကောင်တွေလိုပေါလောမျောဝင်လာရဲ့
ကျွန်တော်က စက်ရုပ်တစ်ရုပ်မဟုတ်တော့ လွမ်းရကောင်းမှန်း သိတာပေါ့
အမှောင်စို့စို့ညတွေကို ထိုးခွဲပြေးထွက် အမေ့ရင်ခွင်ထဲ ၀င်ပုန်းလိုက်ချင်တယ်
ဟင်းလင်းပွင့်အဓိပ္ပာယ်တွေထဲကနေ
ရုပ်ပျက်ဆင်းပျက် ငေါထွက်နေတဲ့ခြောက်သွေ့မှုဟာ အရိုးပြိုင်းပြိုင်း
လူသူစည်ကားရာအရပ်မှာ ကျွန်တော်တစ်ယောက်တည်း လူခြေတိတ်နေတယ်

Thursday, May 31, 2012
ညီလေး
မနေရရှာဘူး
ဘ၀မှာ ကျိန်စာသင့်အိမ်လွမ်းနာတွေဒဏ်ရာပေါ်ဒဏ်ရာထပ်နေတဲ့အခါ
စိတ်အပေါက်အပြဲတွေကို ဘယ်လိုများပြန်ချုပ်နေလိမ့်မလဲညီလေးတစ်ယောက်
မိဘဆိုလည်း မိဘမို့ ညီအစ်ကိုမောင်နှမဆိုလည်း ညီအစ်ကိုမောင်နှမမို့
သူပဲ သံယောဉ်ကြီးနိုင်လွန်းတယ်
ဒီအသိုက်အမြုံလေးကနေ အတောင်မစုံသေးဘဲ ထွက်ခွာပျံသန်းနေရတဲ့ညီလေး
အစာတွေကိုက်ချီထားရင်း ဒီအသိုက်အမြုံလေးဆီ ပြန်ပျံလာတယ်တခါတလေ
အိမ်ပြန်ရောက်တဲ့အခါ ညီလေးက ရယ်သံတွေ လက်ဆောင်ပေးတယ်
ညီလေးငိုကြွေးနေတဲ့အခါ မိသားစုက အဝေးမှာ
ကိုသျှား
ညီလေး
ငါတို့ဆီရောက်မလာနိုင်တဲ့မင်းရဲ့စကားတွေ ငါ ကြားတယ်
ငါတို့ဆီအရောက်ပြန်လာချင်တဲ့မင်းရဲ့အိမ်လွမ်းစိတ်တွေ ငါ မြင်တယ်
သူများတွေရဲ့တိုက်တာအဆောက်အဦးကိုအလှဆင်ရင်း
အပြီးမသတ်နိုင်သေးတဲ့ငါတို့အိမ်လေးကို
မင်းစိတ်ထဲ ဒီဇိုင်းထုတ်ပြီးရောပေါ့
အလုပ်သိမ်းလို့ အနားယူချိန်မှာ မင်းရဲ့ပန်းကန်ထဲ
ဟင်းထည့်ပေးမယ့်လက်တွေကို မင်း တမ်းတမြင်ယောင်နေမှာလား
အမေ့မျက်ဝန်းထဲ မင်းအကြောင်းအုံ့ဆိုင်းလာတဲ့တိမ်တွေမြင်ရတော့
ငါ့ရင်ထဲ မျက်ရည်တွေ သည်းသည်းထန်ထန် ရွာကျတယ်
အိမ်တံခါးကို လာခေါက်မယ်မင်းရဲ့လက်တွေ အသားမာတက်နေပြီလား
မင်းကိုယ်မင်း နောက်ဆံငင်အောင်တုပ်နှောင်ထားတဲ့မိသားစုကြိုးက
တင်းလွန်းတယ်
မင်းဒိုင်ယာရီထဲက `သံယောဇဉ်´က မိသားစုဆီ အော်ခေါ်သံတွေ
ဘောင်ဘင်ခတ်လာချိန်
မင်းနဲ့ငါတို့ရဲ့တယ်လီပသီဟာ ခေါ်မကြားအော်မကြား
ရင်ဆို့တယ်
ကိုသျှား
ညီလေး
အခန်းဆက်ကပြနေရတဲ့ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်လား
မသေရုံတစ်မယ် သွေးထွက်လွန်နေတဲ့ ဓားတန်းလန်းရှင်သန်မှုလား
ညီအစ်ကိုအရင်းဆိုပေမယ့်လည်း သူ့ဘ၀ ကိုယ့်ဘဝ
လည်ပြန်ကြည့်ဖို့ စောင်းငဲ့ချိန်မရ
ဓာတ်တူနံတူသွေးသားရင်းခြာနှစ်ဦးကြား
လောကဓံကန့်လန့်ကာ ခြားခဲ့တယ်
ညီလေးဟာ ငါးတစ်ကောင်ဆိုရင် လည်မြိုထဲထိုးစိုက်လာမယ့်ချိတ်တွေကို
မျက်လုံးဒေါက်ထောက်ကြည့်နေရတဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ရှိမယ်
ညီလေးဟာ ငှက်တစ်ကောင်ဆိုရင်လည်း လေးညှို့သံကို နားစွင့်နေရတဲ့
နောက်ကျောမလုံမှုတွေ ရှိမယ်
သူလိုအပ်နေချိန်မှာ လက်ကလေးတစ်ဖက်တောင် ကမ်းမပေးနိုင်ခဲ့တဲ့လူ
အစ်ကိုတစ်ယောက်ပေးရမယ့်အရိပ် သူမရခဲ့ပေမယ့်
အစ်ကိုတစ်ယောက်ရဲ့တာဝန်မကျေပွန်မှု သူဗွေမယူခဲ့ဘူး
မိသားစုကို ခုတ်ချလိုက်လို့ ပဲ့ကျသွားတဲ့အသားစတစ်စလား
အတန်းပညာမတတ်လို့ အတတ်ပညာတစ်ခုနဲ့အသက်မွေးခဲ့တဲ့ညီလေး
သူ့ဘ၀သူ တည့်မတ်နေရင်း မိသားစုကို လှမ်းလှမ်းကျားကန်တယ်
အမှောင်ကျနေတဲ့မိသားစုကို အလင်းပေးဖို့
ညီလေးဟာ မီးစာအဖြစ် လောင်ကျွမ်းခံခဲ့သူ
သွေးဆာနေတဲ့ခေတ်ကြီးရဲ့ ဟထားတဲ့ပါးစပ်ပေါက်ထဲ
သူ့ကိုယ်သူ မောင်းသွင်းပေးခဲ့တဲ့ညီလေး
ဒီနေ့ထိ ဘယ်လိုမှ ပြန်ထွက်မလာတော့ဘူး

အလွမ်းဇာတ်
ရက်ရာဇာတွေ ပြဿဒါးတွေ ရွေးချိန်မရလိုက်ဘူး၊ဆန်ကောထဲက ဆီးဖြူသီးတွေလို
လှိမ့်လိုက်တာနဲ့ လိမ့်နေရတော့တာပဲတစ်နေ၀င်တစ်နေထွက်
စိတ်ကို ထားခဲ့၊လူအရင် လာ၊စိတ်ထက်မြန်တဲ့ခြေထောက်တွေဟာ တောင်းဆိုမှုရှိရာ တစ်သွေမတိမ်း
အထူးတန်းပွဲကြည့်စင်ပေါ်က လက်ခုပ်သံတွေအတွက် မျောက်သစ်ကိုင်းလွတ်သလို ဂိုးသွင်းပြရတယ်
ဒီဗျည်းက ဒီနေရာမှာ မနေနိုင်ဘူးငြင်းရင် ဟိုသရကို ဒီနေရာမှာ ချော့ရေးရမှာပဲ
ဘ၀ကို စာရွက်လွတ်အတိုင်းချန်ထားခဲ့ရင် အရေပြားမှာကပ်နေတဲ့စကားလုံးတွေကို သူများတွေ ခြစ်ယူသွားမှာပေါ့
သုံးထောင်ကြီးများတောင်တန်တဲ့ကဗျာတစ်ပုဒ်ကို မှော်ဆရာတစ်ယောက်လို သုံးနှစ်တည်းနဲ့ အပြီးရေးနိုင်တာ
ကမ္ဘာကျော်မှာလား
တိုးတက်ပြောင်းလဲမှုတွေအကြောင်း အာဂုံဆောင်ထားတဲ့ဂျာနယ်တွေကို ပျစ်ပျစ်နှစ်နှစ်ပူတဲ့နေက
အင်္ကျီနွမ်းလေးဝတ်ပြီး လက်ပွေ့လိုက်ရောင်းတယ်နေရာအနှံ့အပြား
ကွက်လပ်တစ်ခုရှိနေတာနဲ့ပဲ တည်ဆောက်ထားတဲ့ဝါကျတစ်ခုလုံး အဓိပ္ပာယ်ကန်းခဲ့ရပါတယ်
ရေကြည်ရာမြက်နုရာပုံစံခွက်ထဲ လက်ဘက်ရည်ဆိုင်တွေနေရာမှာ ဘီယာဆိုင်တွေ အခြေချဝင်ရောက်လာတယ်
ယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့တဲ့အရွေ့ဟာ လူသားစင်စစ်ကနေ အချွန်အတက်တွေ ထွက်လာတယ်
အတောင်အလက်တွေ ပေါက်လာတယ်
ပြောရမယ်ဆိုရင် စစ်ပြေးဒုက္ခသည်တွေအကြောင်းဟာ အပေါစားဝတ္ထုတစ်ပုဒ်လောက်တောင် လူစိတ်ဝင်စားမခံရဘူး
ပြောရမယ်ဆိုရင် ရေမြေတောတောင်သယံဇာတကြွယ်ဝမှုဟာ ယုံတမ်းစကားအဘိဓာန်တစ်အုပ်ဖြစ်လို့
အချိန် မရှိဘူး၊အချိန် မရဘူး ငွေရေးကြေးရေးကို ခါးဝတ်ပုဆိုးလို မြဲပါစေ ပေးတဲ့ဆုနဲ့
သေသင့်တယ်ထင်လိုက်၊ရှင်ရမယ်တွေးလိုက်နဲ့ လူ့ဘ၀တစ်ခုတည်းမှာ လည်နေတဲ့သံသရာဟာ သပွတ်အူလိုက်နေတယ်
ကြုံးဝါးသံတွေ ကျယ်လောင်နေတဲ့အခန်းထဲ ပြန်သယ်လာတဲ့ခန္ဓာကိုယ် ဘယ်ချောင်ထိုးထားရမလဲမသိတော့ဘူး
မရှိရှိရာဦးနှောက်ကို ထုခွဲပြီး စဉ်းစားလို့ရသမျှ ဒါအကုန်ပဲ
ဟာသက ပြောင်မြောက်လွန်းတဲ့အခါ ရယ်ရမှာတောင် မေံ့မေ့သွားခဲ့တယ်
ကိုသျှား
မိုးမဆုံးမေးခွန်းတွေ မီးခိုးလို တငွေ့ငွေ့
ငါတို့ ရောက်ရှိလာခဲ့တယ်
ဘတ်စ်ကားပေါ်မှာ ချစ်သူနှစ်ဦးအတူတွဲထိုင်စရာ
ထိုင်ခုံရဖို့ ခက်ခဲသလိုမျိုး
တွေ့ရာကြုံရာလောကဓံကို ညှိမိညှိရာကီးနဲ့ သီဆိုဖို့
ချစ်ခြင်းတရားဆီ ငါတို့ ရောက်ရှိလာခဲ့တယ်
လူဆိုတော့ နည်းနည်းပါးပါးဖြစ်ဖြစ် သတိ တမံ၊ဥာဏ် မြေကတုတ်လုပ်ထားရမှာပဲ
လှေအဆင်း၊မြင်းအတက်ဆိုတာ အလကားပြောတာ
ကားဆင်းကားတက်ကမှ
ယောက်ျားတွေအတွက်ဆိုရင် အမြဲတမ်း ဖောင်စီးရတာ
မိန်းမတွေအတွက်ဆိုရင် အမြဲတမ်း မီးနေရတာ
ဘယ်လောက်များ စိတ်ညစ်ညစ်နဲ့ အော်ရယ်ပစ်ဖို့ ကောင်းလိုက်ပါသလဲ
နမော်နမဲ့နိုင်တတ်သူလေးကို စိတ်မချဘူး
( ၂ )
မင်းလက်နဲ့ ထီးကိုင်ရမှာ ပျင်းရင် ငါ့လက်ကို ဖြတ်ယူထားလိုက်ပါလား
သောကတွေ ခြစ်ခြစ်တောက်ပူတဲ့အခါ အကာအကွယ်ရတာပေါ့
မောဟတွေ သည်းသည်းမည်းမည်းစွေတဲ့အခါ အရိပ်ခိုလို့ ရတာပေါ့
အခုလိုရာသီမျိုးမှာ မင်း ငရုတ်သီးစားလိုက်တာနဲ့
ငါ့အဖျားက တစ်ရာ့တစ်ဆယ်ဒီဂရီအောက် မလျော့တော့ဘူး
တွေးပူတတ်တဲ့စိတ်က ငယ်ထိပ်တက်နေတော့တာပဲ
( ၃ )
ငါ့အသက်အရွယ်သွေးသားက အရှိန်အဟုန်ပြင်းတယ်
ငါ့အသက်အရွယ်ဝမ်းမီးက အားကောင်းတယ်
စီးဆင်းနေတဲ့ငါ့သွေးသားမြစ်ကို ကဗျာပင်လယ်က သောက်တယ်
ဆာလောင်နေတဲ့ငါ့ဝမ်းမီးက ကဗျာကို ၀ါးမြိုချေဖျက်တယ်
မင်းက ဦးနှောက်ရှိတဲ့မိန်းမတစ်ယောက်ဆိုတော့
အချစ်မှာ အိုဇာတာကောင်းဖို့ထိ တွေးပူ
ငါက အချစ်ကြီးတဲ့ယောက်ျားတစ်ယောက်ဆိုတော့
ဦးနှောက်မှာ ရောက်ရာနေရာကနေ ဘ၀ကိုစဖို့ပဲ
( ၄ )
စားဝတ်နေရေးအကြောင်း
မင်းက ငါ့ကို အမြဲတမ်း ခေါင်းလောင်းထိုးတယ်
လူငယ်ဘ၀ရဲ့လမ်းတွေအကြောင်း
ငါက မင်းကို ရွာရိုးကိုးပေါက် ပြောချင်တယ်
( ၅ )
အသက်အရွယ်ကွာတာတစ်ခုတည်းနဲ့
ငါတို့နှလုံးသားမီးအိမ်လေးတွေကို ငြှိမ်းသတ်လိုက်ရင်
ငါတို့တစ်ဘ၀စာလုံး နောင်တကိုယ်စီ တောထနေတော့မယ်
( ၆ )
စီးကရက်တွေ လျှော့သောက်ဖို့ မင်းပြောတာကို
ငါ နားမထောင်ဘူးမထင်နဲ့
ငါ့ကျန်းမာရေးကို ငါ့ထက်ပိုပြီး မင်း စိုးရိမ်တတ်တာကို
ငါ အလေးအနက်မထားဘူးမတွေးနဲ့
အခု ငါက မင်းရဲ့အဝေးမှာ
ဝေးနေတဲ့နေရာကငါဟာ မင်းရဲ့ဘေးမှာ
မင်းရဲ့မျက်မှန်လေးကို ပုဝါဖြူတစ်စနဲ့သုတ်ပေးနေတယ်
မျက်မှန်အောက်က မင်းမျက်ဝန်းလေးတွေ
ငါ့ဆီ လာလာလင်းတာကို ငေးမောကြည်နူးနေတယ်
တကယ်တမ်းကျတော့ အချစ်ဆိုတာ
မင်းတွေးသလောက် မခက်ပါဘူး
တကယ်တမ်းကျတော့ ဘ၀ဆိုတာလည်း
ငါတွေးသလောက် လွယ်မှာမဟုတ်ဘူး
ညီမလေးရေ . . . ခက်ပြီ
( ၇ )
ခက်ပြီညီမလေးရေ
မေးခွန်းတွေ ထုတ်လုပ်ဖြန်ဖြူးနေတဲ့မင်းနာမည်တံဆိပ်ကုမ္ပဏီဟာ
မိုးမဆုံးမီးခိုးတွေ ငါ့ကို ကြပ်ခိုးစွဲတယ်
ငါပြောမပြတတ်တဲ့အမှန်တရားတွေလည်း ဆင်ခြေဆင်လက်တွေ
ပေါက်လာရတော့တာပါပဲ
ဆိုလိုချင်တာက မင်းနဲ့ငါရဲ့အချစ်အကြောင်းဟာ
မီးခိုးမဆုံးမိုးမဆုံးပဲ
ကိုသျှား
Tuesday, May 29, 2012
ရွှေငါးလေးနဲ့ဝေးဝေးကနေ့စွဲတွေ
ဘာမှဖြစ်မလာခဲ့ရင်လည်း ဘာမှဖြစ်မနေချင်တော့ဘူး
လက်တစ်ဖက်တည် ဆုပ်ကိုင်ထားရင် မမြဲမှာစိုးလို့
လက်နှစ်ဖက်နဲ့ ပိုက်ထွေးမိတော့လဲ လျှောထွက်တယ်
သူကို ကျွန်တော် တစ်ယောက်တည်း မြတ်နိုးနေချင်လို
ကန်လေးထဲမှာ သူတစ်ယောက်တည်း ထားပြီ အလှကြည့်ကြည်နူးခဲ့မိတာပါ
နေ့စဉ် ရေလဲတယ် နေ့စဉ်အစာကျွေးတယ်
ကျွန်တော် ရှူရှိုက်မယ့် အောက်ဆီဂျင် သူကိုပေးခဲ့တယ်
ပင်လယ်ကြီးဆီက လာခဲ့သူမို့ ရွှေငါးလေးက ပင်လယ်ကြီးဆီပြန်ချင်တယ်
ကျွန်တော်ကျွေးတဲ့ အစာတွေရဲ့နောက်ကွယ်မှာ
သူ့ ဘ၀ကို လုပ်ကြံမယ့် ချိတ်တွေမရှိခဲ့တာ ရွှေငါးလေးသိနိုင်ပါ့မလား
ကျွန်တော့်ရဲ့ အလှကြည့်လိုမှုသက်သက် အတ္တတစ်ခုတည်းမှာ
သူ့ဖြူစင်မှုကို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ ရမ္မက်စိတ်တွေ မပါဝင်ခဲ့ဘူးလို့ပြောရင်
ရွှေငါးလေး ဟားတိုက်ရယ်မောနေမှာလား
ရွှေငါးလေးရဲ့ ဘ၀ဟာ ကျွန်တော့်ရင်ခွင်မှာ လက်ပမ်းကျခဲ့တယ်
ကျွန်တော့်ရဲ့ဘ၀ဟာ ရွှေငါးလေးရဲ့အဝေးမှာ ရေတိမ်နစ်ခဲ့တယ်
ရွှေငါးလေးက အစာနဲ့ဖုံးကွယ်ထားတဲ့လှည့်ဖျားမှုတွေရှိရာ
ပင်လယ်ပြင်ကြီးဆီ ထွက်ခွာသွားချိန်
ကျွန်တော့်မှာ ရွှေငါးလေးကို တမ်းတစိတ်တွေ အန်ဖတ်ဆို့နေတယ်
ကိုသျှား
ရွှေငါးလေးနဲ့ဝေးဝေးကနေ့စွဲတွေ
ရွှေငါးလေးနဲ့အတူ ဘုရားသွားချင်တယ်
ရွှေငါးလေးနဲ့အတူ ကျောင်းတက်ချင်တယ်
ရွှေငါးလေးနဲ့အတူ ငှက်တွေကို အစာကျွေးချင်တယ်
ရွှေငါးလေးနဲ့အတူ ဒုက္ခတရားကို ရိတ်သိမ်းချင်တယ်
ရွှေငါးလေးနဲ့အတူ နှလုံးသားချင်း ကိုင်းကူးပွင့်ချင်တယ်
အဲဒီလို နှစ်ကိုယ့်တစ်စိတ်ကမ္ဘာမြေမှာ
ရွှေငါးလေးဟာ ကျွန်တော့်ရင်ပေါ် ကြွေမကျတော့ဘူး
ပေါရာဏစကားလုံးတွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ပင်လယ်ပြင်ကြီးထဲမှာ
ရွှေငါးလေးတစ်ယောက် သူ့အသက်သူ ပြန်လုနေရမှာပါ
လှပတဲ့နာမ၀ိသေသနတွေ နောက်ကျိရှုပ်ထွေးနေတဲ့ဆားငန်ရေတွေထဲမှာ
ရွှေငါးလေးလည်း လူကြီးလူကောင်းဆန်ဆန် ညှီစော်နံတတ်နေပြီလား
အထူးပြုလုပ်ချက်စကားလုံးတွေမပါဘဲ ရွှေငါးလေးကို လွမ်းတယ်
ငါ့စိတ်ဟာ မင်းနားမလည်နိုင်တဲ့ဘာသာစကားတစ်ခု မဟုတ်ခဲ့ပါဘူး
ငါ့မူပိုင်ဘာသာဗေဒရဲ့ရေးထုံးရေးဟန်တွေကိုလည်း
မင်းကလွဲရင် ဘယ်သူတွေများ ဘာသာပြန်တတ်ခဲ့လို့လဲ
ရွှေငါးလေးရယ် . . .
ငါ့ဆီပြန်လာမယ်ပြောတဲ့ကိုယ်ချင်းစာတရားကို ငတ်တယ်
လောကဓံတရားက တကယ်ကို ပါးပါးလွှာလွှာလေး
ရွာကျခဲ့တာပါ
ဒါပေမယ့် ကျွန်တော့်ရဲ့ချစ်ခြင်းက
သူ့ဘ၀ကို မိုးမလုံစေခဲ့ဘူး
အခုချိန်ဆို ရွှေငါးလေးတစ်ယောက်
ကျွန်တော့်ရင်ခွင်ထဲ
ဝမ်းနည်းကြေကွဲစွာ ကူးခတ်ခဲ့ရတဲ့နေ့စွဲတွေအကြောင်း
တွေးပြီး နာကျည်းနေမှာလား
သူ့ကို ရှင်းပြခွင့်မရခဲ့တဲ့ကျွန်တော်စေတနာတွေ စကားအတယ်
ပြန်လာခဲ့ပါ . . . ဘာပဲဖြစ်ဖြစ် ပြန်လာခဲ့ပါ
ပင်လယ်ပြင်ကြီးထဲမှာ ရုန်းကန်တိုက်ခိုက်ရင်း
မင်းရှုံးနိမ့်နာကျင်လာတဲ့အခါ
မင်းအမှောင်ကို ငါ့လက်နဲ့သွေးတိတ်စေဖို့
ငါ ရပ်စောင့်နေမိတယ်
ငါ မင်းကို ရပ်စောင့်နေဆဲပါရွှေငါးလေးရယ်

ဘယ်တော့ပြန်လာမလဲ
စောင့်မျှော်ရခြင်းဟာ မီးဆိုရင် ငါဟာ မီးခိုးအူနေတယ်
မင်းဟာ အရပ်တစ်ပါးဆိုရင် ငါဟာ အာခေါင်ကွဲအောင် အော်ခေါ်တယ်
မင်းမရှိတဲ့နေရာဟာ ငါ့အတွက် ရပ်ပြစ်ရှစ်ပါးပဲ
မင်းမပါတဲ့ပျော်ပွဲရွှင်ပွဲဟာ ငါ့အတွက် ရယ်မောနေတဲ့ငိုကြွေးခြင်းပဲ
မင်းတွဲခဲ့ဖူးတဲ့ငါ့လက်တွေ ကွဲအက်လို့
မင်းမှီတွယ်ခဲ့ဖူးတဲ့ငါ့ရင်လဲ တိတ်ဆိတ်လို့
ငါးကလေးတစ်ကောင်တည်း လှုပ်ရှားကူးခတ်နေတာမြင်ရင်
မင်းကို သတိရတယ်
ငှက်ကလေးတစ်ကောင်တည်း အတောင်ဖြန့်ပျံဝဲနေတာမြင်ရင်
ငါ့ကို သတိရပါ
တစ်ယောက်ကို တစ်ယောက်က စောင့်မျှော်နေတဲ့လမ်းမှာ
တစ်ယောက်က တစ်ယောက်ကို ခလုတ်တိုက်ပစ်ခဲ့လေမလား
စိတ်ထောင်းတော့ ဘ၀ပါကြေတယ်
ဘယ်လိုတရားမျိုးနဲ့မှ ဖြေမဆည်နိုင်ဘူးကွယ်
မင်းသဘောကျတဲ့ကဗျာတွေ ရေးလို့မရတော့ဘူး
မင်းမုန်းတဲ့ပျော့ညံ့မှုတွေသာ သားသေမိခင်လို မျက်ရည်လွယ်လို့
ငါ့နားထဲ ညင်သာခြေလှမ်းတွေဟာ မင်းရဲ့လှောင်ပြောင်သံသဲ့သဲ့လား
ခွေးဟောင်သံကြားတိုင်း ထထကြည့်နေမိတဲ့ငါ့မှာ
. . . . . . . . . .မောလိုက်တာ။ ။

ရွှေငါးလေးနဲ့ဝေးဝေးက နေ့စွဲတွေ
အခုလို တစ်မြို့စီ ဝေး တစ်ပင်စီ ဘ၀ခြားခဲ့ရတော့
တစ်ယောက်သတင်းစကားကို တစ်ယောက် ဘယ်လို နားစွင့်မလဲ
သံယောဇဉ်ကို အကွာအဝေးနဲ့ တိုင်းတာမှာလား
သတိရစိတ်ကို မျက်ရည်နဲ့ တိုင်းတာမှာလား
စာရေးပို့ချင်ပေမယ့် မင်းလိပ်စာ ဘယ်ဆီဘယ်ဝယ်
ဖုန်းခေါ်ဆိုတိုင်း ထစ်အသွားခဲ့ရတဲ့လွမ်းဆွတ်မှုတွေ ထပွက်တယ်
လမ်းလျှောက်ရင်း မတော်တဆ ခလုတ်တိုက်မိတဲ့အခါ
ငါ့အကြောင်းတွေးပြီး မဆီမဆိုင် ရင်မောနေမလား
ဘုရားပန်းအိုးမှာ နှင်းဆီပန်းထိုးရင်း မတော်တဆ ဆူးခြစ်ခံရတဲ့အခါ
ငါ့ကျန်းမာရေးဟာ သွေးစို့နေတယ်လို့ တခုတ်တရ သက်ပြင်းချနေမလား
ဘယ်လိုအတိတ်နိမိတ်တွေမှ မမြင်ရမကြားရပေမယ့်
မိတ္တဗလဋီကာကိုမကျွမ်းကျင်သူ မင်းအတွက် ငါ နေ့တိုင်း ရတက်မအေးဘူး
သွေးနဲ့သားနဲ့လူသားစစ်စစ်ပါ
ငါ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဟာ မင်းဖြစ်ခဲ့ပြီပဲ
သိမ်သိမ်မွေ့မွေ့လေးတော့ လွမ်းမိတာပေါ့
လူ့ဘုံခန်းဝါထဲ ငိုတဲ့အခါ ငိုမယ်၊ ရယ်တဲ့အခါ ရယ်မယ်
ဖြစ်သမျှအကြောင်း အကောင်းတရားနဲ့
ကိုယ့်ဒုက္ခကိုယ် အဖန်တလဲလဲ ဖြေတွေးနေရတယ်
သံသယတစ်ဝက်နဲ့ယုံကြည်တတ်တာ ကောင်းပါတယ်ရွှေငါးလေးရယ်
မင်းသောက်တဲ့လက်ဘက်ရည်တောင် တစ်ခါတစ်ခါ အရသာမမှန်ဘူးမဟုတ်လား
ကလေးတစ်ယောက်ရဲ့လက်ထဲက ဓားမြှောင်နဲ့
ဆပ်ကပ်သမားတစ်ယောက်ရဲ့လက်ထဲက ဓားမြှောင်ဟာ
အဓိပ္ပာယ်ချင်းတော့ အတူတူပါပဲကွာ
အနံ့ခံကောင်းတဲ့မုဆိုးတစ်ယောက်ရဲ့လမ်းမှာ ဖြတ်လျှောက်မိတဲ့သားကောင်လို
ငါတို့ဘ၀တွေဆိုတာ အသက်ကို အလောင်းအစားလုပ်နေရတဲ့ကစားပွဲတစ်ခုလို
ရွှေငါးလေးရေ . . .
မင်းချစ်တဲ့ပင်လယ်ပြင်ကြီးကို အသံထွက်မှန်အောင် မင်း ဖတ်တတ်ပြီလား
မင်းပြန်အလာကို စောင့်မျှော်ရင်း ငါရပ်နေတဲ့ကမ်းစပ်က မြွေပါးကင်းပါးများလွန်းတယ်
ကိုသျှား
Friday, May 18, 2012
ငါတို့မိသားစု ခေတ်ကြီးထဲ အခြေမကျဝင်ရောက်နေထိုင်ကြပုံ
မီးအညှိခံထားရတဲ့စီးကရက်တွေလို
ငါတို့မိသားစု အစိပ်စိပ်အမွှာမွှာပစ်ချခံရတယ်
တစ်ယောက်တစ်နေရာဆီ သင်္ဘောပျက်နေရတဲ့နေ့တွေနဲ့
တစ်ယောက်အပျော်တစ်ယောက်ကူးစက်မခံရတဲ့ရောဂါတွေနဲ့
သားသမီးအော်ခေါ်သံ မိဘဖန်ဆေးမပေးနိုင်တဲ့အရပ်ဒေသတွေနဲ့
မိုင်ပေါင်းများစွာကျန်ရစ်ခဲ့တဲ့မိဘချွေးစက်တွေဆီ
မိုင်ပေါင်းများစွာဝေးကွာနေရတဲ့သားသမီးပုဝါစလေးတွေ
မီးကုန်ယမ်းကုန်အလွမ်းတွေနဲ့
ငါတို့မိသားစုဟာ
ပါးပြင်ပေါ် ဓားချက်တွေထွန်ချခံရတဲ့မြေယာ
ငါတို့မိသားစုဟာ
ထမင်းပန်းကန်ကိုကြည့်ရင်း တစ်ယောက်တည်း
လည်ချောင်းမှာ ငါးအရိုးစူးနေတယ်
ခြောက်ကပ်ကပ်သစ်သားစကိုစွဲလောင်နေတဲ့မီးလို
ငါတို့မိသားစုအသားစိုင်ထဲ စိုက်ဝင်နေတဲ့ငွေကြေး
ငါ့ညီလေးကို ကိုက်ချီထွက်ပြေးသွားတယ်
ငါ့ညီမလေးကို ကိုက်ချီထွက်ပြေးသွားတယ်
ဒဏ်ရာကိုဒဏ်ရာနဲ့ကုစားရတဲ့အရပ်ဆီ
ဒီခေတ်ဒီစနစ်ကြီးရဲ့ထားရာနေစေရာသွားနွားကျမှုမှာ
ငါတို့မိသားစုအကြောင်းတွေးမိရင်
ပြန်အမ်းရင်တောင် လက်ခါခံရမယ့်
ပတ်တီးအထပ်ထပ်ပိုက်ဆံအနွမ်းလေးတွေကို မြင်ရတယ်
လောကဓံတိုက်စစ်ရဲ့အလွတ်တည်ကန်ဘောတွေကို
ထိထိမိမိပုတ်ထုတ်ကာကွယ်မယ့်လက်တွေအဖြတ်ခံထားရတဲ့
ဂိုးစောင့်တွေကို မြင်ရတယ်
အံကြိတ်မာန်တင်းသံကို ကျောကုန်းပေါ် မနိုင်မနင်းထမ်းပိုးထားရတဲ့
လားသတ္တ၀ါတွေကို မြင်ရတယ်
တရားဝင်လင်ယောက်ျားမရှိလို့ ဖျက်ချခံလိုက်ရတဲ့ကိုယ်ဝန်လို
ငါတို့မိသားစု ပျက်ကျ
တစ်ယောက်ချင်းဆီဟာ အပေါင်ဆုံးပစ္စည်းလို
ခေတ်ကြီးထဲ စုန်းစုန်းမြုပ် ကျိုးကြေလို့
ငါသာ ငါတို့မိသားစုကို ပုံတူကူးပြခွင့်ရှိရင်
သေနတ်သံတစ်ချက်မထွက်ဘဲ ဒဏ်ရာတစ်ချက်မရဘဲ
သွေးစိမ်းရှင်ရှင်ပွက်ထနေတဲ့စစ်ပွဲတစ်ပွဲအကြောင်း
ရုပ်ရှင်ရိုက်မယ်
ဓာတ်ကြိုးနဲ့မလွတ်လို့ အရှင်လတ်လတ်ခုတ်ထစ်ခံလိုက်ရတဲ့
သစ်ကိုင်းလေးတွေပုံ ပန်းချီရေးမယ်
ချောင်ပိတ်ကြိုးတုပ်ပြီး အရိုက်ခံနေရတဲ့တိရစ္ဆာန်တွေအကြောင်း
ဝတ္တုရေးမယ်
ဘယ်တော့ပြီးဆုံးမယ်မသိတဲ့အရှုံးတွေနဲ့
ငါတို့မိသားစုဟာ
စိတ်ကူးတွေ သံသရာတစ်ဆုံး ဆွဲဆွဲငင်ငင်အူနေတယ်
ကိုသျှား
ငြိမ်း
ကိုယ့်ရှင်သန်မှုကို ပြန်ရစ်လို့မရဘူးထင်ခဲ့တာ
မင်းဟာ ကြွက်ယောင်ဆောင်ပြီး
ငါ့ကလီစာတွေကို တတိတိကိုက်ဖြတ်ခဲ့တဲ့နတ်သမီးပေပဲ
လောင်နေတုန်းက တဟုန်းဟုန်းတောက်ခဲ့တဲ့ဒဏ်ရာတွေ
ယူပစ်လိုက်သလို ပျောက်သွားပေါ့
လောကကြီးတစ်ခုလုံး ကိုယ့်အတွက် သိမ်ငယ်ကျုံ့ဝင်ပေးခဲ့ရဲ့
ကိုယ့်မှာ ညကြီးမင်းကြီး တိမ်တွေပေါ် တက်ထိုင်နေမိတယ်
ကိုသျှား
အခုတလော စီးကရက်တွေ ပိုပိုသောက်နေမိ
လွမ်းကျန်မနေရစ်စေချင်ဘူး
ငါ့ကိုချစ်သူတွေက ချန်နေရစ်ခဲ့ကြတယ်
ငါ့ကိုမုန်းသူတွေလည်း ကျန်နေရစ်ခဲ့ကြတယ်
ငါကချစ်သူတွေကို ပစ်ထားခဲ့ရတယ်
ငါကမုန်းသူတွေလည်း လိုက်မလာခဲ့ကြဘူး
ပြည့်တန်ဆာတစ်ယောက်ရဲ့သားအိမ်ထဲမှာမှ
သန္ဓေတည်ခဲ့ရသလိုမျိုး
ငါ့လူငယ်ဘ၀အိပ်မက်တွေ ကံဇာတာညှိုးနွမ်းခဲ့သလား
လူ့ဘ၀မှာ အကြိမ်ကြိမ်ပေါက်ကွဲခဲ့ရသမျှ
ဒီတစ်ခါ အကျယ်လောင်ဆုံးပဲ
ငါ့ကို နွေဦးနှစ်ဆယ်ကျော်စာ ပွင့်ဝေခွင့်ပေးခဲ့တဲ့အဓိပ္ပာယ်ရှိမှုတွေ
အခွံပဲကျန်ရစ်တယ်
ခေတ်ကတောင်းဆိုနေတဲ့သားတစ်ယောက်ကို မမွေးခဲ့မိတာ
အမေ နောင်တရနေမှာပါ
ခေတ်ကိုတောင်းဆိုနေတဲ့သားတစ်ယောက်ကိုလည်း
အမေ မချိတင်ကဲ ခွင့်လွှတ်နေရရှာမယ်
ကဗျာဆရာတစ်ယောက်ရဲ့ရှင်သန်မှုဟာ
သူ့ရဲ့ကဗျာတွေထဲမှာပဲ ရှိတယ်
ကဗျာဆရာနဲ့သူ့ရဲ့ကဗျာတွေကို ခွဲခွာဖို့ကြိုးစားတာဟာ
အဲဒီကဗျာဆရာကို သေကြောင်းကြံစည်တာပါပဲ
ကျွန်တော်က အစာအိမ်အတွက် ကိုယ့်ကိုယ်ကိုချရောင်းထားတဲ့
ငွေဝယ်ကျွန်မဟုတ်ဘူး
ကျွန်တော်က ခန္ဓာကိုယ်အတွက် သုံ့ပန်းအဖြစ်အဖမ်းခံခဲ့တဲ့
စစ်ရှုံးသူမဟုတ်ဘူး
ကျွန်တော့်ကို ဘယ်သူ နားလည်ခဲ့သလဲ
ကျွန်တော့်ကို ဘယ်သူများ နားလည်မှုပေးခဲ့ပါသလဲအမေ
မှောင်တယ်ထင်လို့ အမေ့အိမ်ကနေထွက်လာခဲ့တာ
မိဝေးဖဝေးအရပ်မှာ လက်ညှိုးထိုးမလွဲအောင် ပိုမှောင်တယ်
ဦးနှောက်ထဲမှာ အူနေတဲ့မီးခိုးတွေ ပါးစပ်ကနေ မှုတ်ထုတ်လိုက်ချင်တယ်
ကြိုတင်ကြံစည်ထားတဲ့စကားလုံးတွေမပါဘဲ
အလိုအလျောက်စီးကျလာတဲ့မျက်ရည်တွေကို မသုတ်မိခဲ့ဘူး
အနက်ရောင်ကျောပိုးအိတ်နဲ့လူငယ်လေးတစ်ယောက်ကို
အဝေးပြေးကားကြီးက ခေါ်ဆောင်သွားခဲ့ဖူးတယ်
ကိုသျှား
Thursday, May 10, 2012
စည်စည်ကားကား ပျောက်ဆုံးနေပေါ့မန္တလေး
ရွှေသားစစ်စစ်အနုပညာသမားတွေကို အငမ်းမရ ထုပ်ပိုးပြီး
ခေတ်မီမီ အဆင်ဆန်းဆန်း ပုပ်သိုးနေတဲ့မြို့
ကဗျာဆရာတွေ ထုတ်ယူသုံးစွဲလွန်းလို့ ကုန်ခမ်းသွားခဲ့တာလားမန္တလေး
ဘယ်နေရာကြည့်ကြည့် ဆံပင်တွေ ဖြူဖြူပြာပြာနီနီဝါ၀ါ ကွေ့ကောက်
ဘယ်နေရာကြည့်ကြည့် ဝေဆာမြူးလို့နေတာ လေသလပ်ခံပေါင်တံတွေ
နန်းဆန်တဲ့မန်းသူ လက်ညှိုးထိုးပြစရာ မရှိဘူး
မြန်မာဆန်တဲ့မြန်မာ ပိုက်စိပ်တိုက်ရှာရတော့မလား
ဝှီးခနဲမောင်းနှင်လာတဲ့ကိုရီးယားအဆင်မိန်းကလေးက
မန္တလေးကို ခါးလည်က ဖြတ်တိုက်တယ်
ဖွာကျသွားတဲ့မန္တလေးရဲ့အသားစတွေဟာ သွေးသံရဲရဲ
ပြန့်ကျဲသွားတဲ့မန္တလေးရဲ့အရိုးစတွေဟာ စိစိညက်ညက် ကြေမွ
မန္တလေး ဘယ်လဲ၊ မန္တလေး ဘာလဲ
ကြီးကျယ်တဲ့ဖက်ရှင်ရှော့(ပ်)တွေဟာ မန္တလေးလား
ဆွဲတင်ဆွဲချရေးကြီးသုတ်ပြာစပယ်ယာတွေဟာ မန္တလေးလား
ဘောင်းဘီဖင်ကျပ်ဝတ်ပြီး
မဟာမုနိပရ၀ုဏ်မှာ လမ်းသလားတာ မန္တလေးလား
မန္တလေးကို တွေ့ခဲ့ပေမယ့် မန္တလေးကို မမြင်ခဲ့ဘူး
မန္တလေးကို သိခဲ့ပေမယ့် မန္တလေးကို မထိခဲ့ရဘူး
လင်ကောင်မပေါ်ဘဲ သားတော်ထားရတဲ့ယဉ်ကျေးမှုတွေနဲ့
မန္တလေးအရေခွံခြုံပြီး မန္တလေးဟန်ဆောင်ထားတဲ့မြို့သာ
မန္တလေးမှာ လောင်/လည်နေတယ်

ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ
`နင်တို့ကို အိမ်စောင့်နတ်က နှင်ထုတ်ထားတာလား´နဲ့ စရင်
`ဘယ်သူ့စီးပွားရေးကို တုတ်နဲ့ထိုးချနေလို့လဲအမေရဲ့´နဲ့ ဆုံးမယ်
အိမ်မှာဆိုရင် အိန္ဒြမရ ဟိုရွရွ ဒီရွရွ
လမ်းပေါ်မှာဆိုရင် လန်ထွက်နေအောင် လန်းကြပေါ့လူငယ်ဆိုတာ
သူများက `၀မ်းတီး´ဆိုရင် ငါတို့က `ကျဆိမ့်´လိုက်ရမှ
စားပွဲခုံပေါ် စိတ်ထဲထင်ရာ လျှောက်ရေးနေရတာ အသံတိတ်ဂီတ
အစကတည်းက အငြိမ်မနေတဲ့စိတ်က အခုမှ ပိုလှုပ်လာသလိုပုံစံနဲ့
စီးကရက်တစ်လိပ်စီ ကောက်ယူမီးညှိကြ
မျက်နှာချင်းဆိုင်စတိုးက ကြာကြည့်ကျွမ်းတဲ့ကောင်မလေးကို
လက်ဖက်ရည်ဆိုင်တစ်ထိုင်စာလောက်တော့ ငေးမိငမ်းမိတော့တာပဲ
ငါတို့ကဗျာတွေထဲမှာတော့ ငါတို့ဟာ ဇာတ်လိုက်
ကွဲပြီဟေ့ဆို ငါတို့ခေါင်း၊ငါတို့ရင်ဘတ် ဟက်တက်ဆိုတာချည်းပဲ
အစိမ်းချုပ်ချုပ်လိုက်ရမှ ဒဏ်ရာက နေသာထိုင်သာရှိသလိုလို
လက်ထဲကဓားမှာ ဘာမှမရှိဘူး၊ဓားကိုင်ထားတဲ့လက်ဟာ သတ်ဖို့နဲ့သေဖို့ပဲ
အခုရှည်နေတဲ့ဆံပင် ချက်ချင်း တိုလို့ တို
အခုတိုနေတဲ့ဆံပင် လက်ငင်း ကတုံးဖြစ်လို့ ဖြစ်
နားကပ်နဲ့ဖိနပ်နဲ့ စမတ်ကျကျ ပျော်ပျော်နေတော့ သေရမှာ မေ့
ငါတို့လူစုံရင် `ဘွဲ့ရပြီးမှတော့ ဆိုက်ကားနင်းမှာပေါ့´လို့ တက်ညီလက်ညီ
သူများထက်နောက်မကျအောင် အော်ရယ်မိကြတယ်
ကုန်ကြမ်းရှာချင်ရင် ကုန်ချောရဲ့အရည်အသွေးကို ကြည့်
အမြတ်များများလိုချင်ရင် အရင်းအနှီး ကြီးမားရတာလောက်ကတော့
မပြောလည်း သိပါတယ်ဘော့စ်
အပွေးမြင် အပင်သိအတွင်းသိအဆင်းသိအချင်းသိလူငယ်လေးတွေပါ
ကယ်တင်ရှင်ကြီးစတိုင်လ်ဖမ်းပြီး
ဘွဲ့ရပညာတတ်တစ်ယောက်ကို အိမ်သာခွက်ဆေးခိုင်းတာတော့ ဘယ်ကောင်းမလဲ
မာနက မိုးထိုးနေတဲ့ကောင်တွေ အငတ်သာ ခံမယ်၊ခေါင်းတော့ မငုံ့နိုင်ဘူး
စိတ်ညစ်တဲ့အခါ လမ်းဘေးဆိုင်းဘုတ်တွေ လျှောက်ဖတ်တယ်
စိတ်ညစ်တဲ့အခါ တွေ့ရာကျောက်ခဲ ရန်သူလို ကန်ကျောက်ပစ်တယ်
စိတ်ညစ်တဲ့အခါ ဟောင်နေတဲ့ခွေးကို ပြေးကိုက်လိုက်ချင်တယ်
လွန်ခဲ့တဲ့ပိတောက်ပန်းကလေးတွေနဲ့အတူ ပွင့်ခဲ့ဖူးတဲ့ငြိမ်းချမ်းမှုတွေ ဆိတ်သုဉ်း
`ချစ်တယ်´လို့ အကြောင်းမပြန်ရင် `ရူးရှာပြီ´ဆိုတဲ့သတင်း သူ့ဆီ
တစ်နည်းနည်းနဲ့ရောက်အောင် ပို့ရမယ်
ငါတို့အော်ဆိုနေတဲ့အသည်းကွဲသီချင်းကို ဘယ်သူတွေ မျက်ရည်ကျအောင် ရယ်မောမလဲ
ရေးနေရတာကိုက ရေးတေးတေးဆိုတော့ ဖတ်ရတာလည်း ဖတ်ဖတ်ကို မောနေတော့မှာပဲ
ကိုသျှား
ဘာကိုပဲ ယုံယုံ ဆူးပုံကိုတော့ မနင်းလိုက်ပါနဲ့ညီမလေး
လေယိမ်းရာတိမ်းမယ့်အချိန်မှာ ဘ၀ဟာ မှားတတ်တယ်
လွင့်ဝဲနေတဲ့သစ်ရွက်ကြွေကိုကြည့်ရင်း ညီမလေး မျက်ရည်ဝဲရင် ၀ဲမယ်
အစာကောက်နေတဲ့ငှက်ကလေးတွေကိုကြည့်ရင်း ညီမလေး ပြုံးရင် ပြုံးမယ်
ညီမလေးဟာ ကလေးစိတ်မပျောက်သေးတဲ့လူကြီးတစ်ယောက်မဟုတ်လား
ညီမလေးဟာ လူကြီးစိတ်ဝင်လာတဲ့ကလေးတစ်ယောက်မဟုတ်လား
အများသူငါပြောသလို ပြောရရင် ညီမလေးဟာ မိန်းကလေးမို့
ပန်းလေးတစ်ပွင့်နဲ့ တင်စားလိုက်တော့မယ်
ညီမလေးရဲ့ခန္ဓာကိုယ်မှာ မာနကို ဆူးအဖြစ် ၀တ်ဆင်ထားရမယ်
ညီမလေးရဲ့အသားအရည်မှာ အတ္တဟာ ခပ်ထက်ထက် စိမ်းရင့်နေရမယ်
မျက်မှောင်လေးတစ်ချက်ကြုံ့လိုက်ရုံနဲ့
လောကတစ်ခွင်လုံး မှိုင်းညို့သွားစေဖို့ မဟုတ်ဘူး
နှုတ်ခမ်းလေးတစ်ချက်တွန့်ကွေးလိုက်ရုံနဲ့
လောကကြီးတစ်ခုလုံး သိမ်ငယ်ကျုံ့ဝင်သွားစေဖို့ မဟုတ်ဘူး
ညီမလေးဟာ ရဲရင့်ပေါ့ပါးစွာ မိန်းမပီသတတ်ဖို့ပါပဲကွယ်
လောကမာယာတွေက လှပလွန်းတော့ အရိပ်ကို ရန်သူထင်တတ်တယ်
ညီမလေးရဲ့ရင်ခုန်သံတွေ အမှောင်စွန်းမှာစိုးလို့ ဆူတဲ့ငေါက်တဲ့အခါ
အမေ့ကို ညီမလေး မျက်စောင်းထိုးမှာလား
ညီမလေးရဲ့သတင်းတွေ သေးနုပ်သိမ်ဖျင်းနေမှာစိုးလို့ လက်သီးလက်မောင်းတန်းမိတဲ့အခါ
အစ်ကိုတွေကို ညီမလေး နှုတ်လှန်ထိုးမှာလား
ညီမလေးရဲ့အိနြေ္ဒသိက္ခာ ပြောစရာမရှိအောင် တည်ငြိမ်နေရင်တောင်
မျက်လုံးဒေါက်ထောက်ကြည့်နေမယ့်ပါးစပ်ပေါက်တွေကနေ
ဘယ်လိုမှ ပြေးလို့ လွတ်မှာမဟုတ်ဘူး
ညီမလေးသာ ခြေတစ်လှမ်းမှားခဲ့ရင်
တစ်မိသားစုလုံးရဲ့ရာဇ၀င်တစ်ခုလုံး ချွတ်ချော်တိမ်းမှောက်ရလိမ့်မယ်
ညီမလေးရဲ့အလှတရားဟာ လည်ဟိုက်အင်္ကျီတွေထဲမှာ ရှိတယ်လို့
ဘယ်တော့မှ မတွေးလိုက်လေနဲ့
ညီမလေးရဲ့ဆွဲဆောင်မှုဟာ ဘောင်းဘီဖင်ကျပ်နဲ့စကတ်အကွဲတွေထဲမှာ ရှိတယ်လို့
ဘယ်တော့မှ မထင်လိုက်လေနဲ့
ပျော်ရွှင်မှုကို မူးယစ်သေစာနဲ့ ၀ယ်ယူနေတဲ့မြန်မာမိန်းကလေးတွေစာရင်းမှာ
ညီမလေးနာမည်ကို ကိုကြီး မဖတ်ချင်ဘူး
ရီဝေယိမ်းထိုးနေတဲ့ကိုယ့်ခန္ဓာကို ရမ္မက်ခိုးဝေမျက်လုံးတွေနဲ့ ထိုးစိုက်ကြမှာ
ညီမလေး မကြောက်ဘူးလား
ဒီအသက်ဒီအရွယ်မှာ ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ဟာ ဘာဆိုတာ
ယောက်ျားတစ်ယောက်ရဲ့အယုအယဟာ ဘယ်လိုဆိုတာ
ညီမလေး တွေးကောင်း တွေးနေပါလိမ့်မယ်
ညီမလေးရေ . . .
ရင်ခုန်ပါ ချစ်ပါ ကိုယ့်ကိုယ်ကိုတော့ ဆွဲမနှစ်ဘူးမဟုတ်လား
နှမသားချင်းမစာနာတတ်သူတွေရဲ့အပြုံးဟာ မယုံကြည်နိုင်လောက်အာင် ချိုတတ်တယ်
သွေးသားကိုစုပ်ယူဝါးမြိုချင်သူတွေရဲ့အသံဟာ အံ့သြစရာကောင်းလောက်အောင် သာတတ်တယ်
ညီမလေး ဒူးထောက်ပြိုလဲတဲ့အခါ သူတို့ ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောကြလိမ့်မယ်
အယုံလွယ်သူ အရူးအမိုက်အရွယ်မို့ မြူဆွယ်ပွတ်သပ်ချင်သူတွေ
သစ်ခက်လို အစိမ်းချိုးရလွယ်တယ်ထင်ကြမယ်
တိမ်းမူးဖွယ်အနမ်းတွေကို သာယာမိန်းမောပြီး
အမှောင်စွပ်ကြောင်းရာနောက် တကောက်ကောက် ဘ၀သေခံမလား
ကမ္ဘာကြီးတစ်ခုလုံးပေးမယ်ဆိုရင်တောင် အပျိုစင်တန်ဖိုးနဲ့ မလဲလှယ်လိုက်ပါနဲ့ညီမလေးရယ်
ညီမလး သိရမယ်
ပြုံးနေတဲ့မျက်လုံးတွေရဲ့နောက်ကွယ်မှာ မြေခွေးစိတ်တွေ ရှိတယ်
ညီမလေး သိရမယ်
မျက်နှာဖုံးတွေဟာ အစစ်မဟုတ်ဘူး
ညီမလေး သိရမယ်
ညီမလေးကို ဆွတ်ခြွေလို့မရရင် ချဉ်တဲ့စပျစ်သီးလို့ ကင်ပွန်းတပ်ကြမယ်
ညီမလေး သိရမယ်
ရိုးသားတဲ့လူဟာ နောက်ကျောကို ဓားနဲ့ထိုးဖို့ လွယ်တယ်
ဒီနိုင်ငံ၊ဒီယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်မြင့်မားဖို့
ညီမလေးမှာလည်း တာဝန်ရှိတယ်
ဒီမြေမှာ နေ၊ဒီရေကို သောက်ပြီး ဒီလူမျိုးကို လက်ညှိုးပြန်ထိုးချင်သူတွေကို
ညီမလေး တရားပြနားချပေးနိုင်မလား
သူများတကာတွေ ယောက်ျားတွေနဲ့ ဒူးတင်ပေါင်တင် ဖဲကစားနေချိန်မှာ
ညီမလေး ဘယ်လိုနေထိုင်မလဲ
သူများတကာတွေ ဒူးဖော်ပေါင်ဖော် နန့်ကြောဆွဲနေချိန်မှာ
ညီမလေး ဘာလုပ်မလဲ
ခေတ်ကာလကြီးက မကောင်းတော့
ညီမလေးကို သိုင်းသင်တန်းကျောင်း ပို့ချင်တယ်
ကိုယ့်ကိုယ်ကို ပန်းကောင်းတစ်ပွင့်အဖြစ် ယုံကြည်ရင်
အညွန်ချိုးလိုသူရမ္မက်ဘီလူးတွေအတွက် မီးလို တောက်လောင်နေရမယ်
ကိုယ့်ကိုယ်ကို မိန်းမကောင်းမိန်းမမြတ်တစ်ယောက်အဖြစ် တန်ဖိုးထားရင်
လက်ညှိုးထိုးချင်သူတွေ လက်ခုပ်တီးလာအောင် သိမ်မွေ့တတ်ရမယ်
ညီမလေး . . .
ဒါတွေဟာ အစ်ကိုတစ်ယောက် ပြောသင့်တဲ့စကား မဟုတ်ဘူး
ဒါတွေဟာ ညီမလေး မသိလို့မဖြစ်တဲ့အမှန်တရားတွေ ဖြစ်တယ်
ကိုသျှား
ရင်ကွဲမြစ်
သူ့အရိပ်ကို ခို သူ့ကိုင်းကို ချိုးယူမီးစိုက်ပြီး သူ့ကို ခုတ်လှဲကြတော့မလား
သူ့သွေးကို သောက် သူ့အသားကို စားပြီး သူ့ဘ၀ကို ခါးပြကြတော့မလား
လမ်းဘေးစင်ပေါ်က ရေအိုးထဲ ၀င်ပုန်းရလောက်အောင် သူ အထည်ကြီးပျက်ခဲ့ရ
ကယ်သူမဲ့နေ့ရက်တွေမှာ မိစ္ဆာတို့ရဲ့အောင်ပွဲ သူ့ဘ၀ထဲ သောင်ထွန်းခဲ့ရ
ငါတို့ကို ငြိမ်းချမ်းရေးတေးသီပြတဲ့ သူ့တသွင်သွင်စီးဆင်းသံ ဘယ်ဆီဘယ်ဝယ်
သူ့ပုခုံးပေါ် ဦးလည်မသုန် ထမ်းပိုးလာခဲ့တဲ့သမိုင်းစာမျက်နှာတွေ ဘယ်ဆီဘယ်ဝယ်
အဝေးကငှက်ဆိုးတွေ ငါတို့ရင်ကို ကုတ်ခြစ် ငါတို့ရဲ့အသည်းနှလုံးကို ထုတ်ယူလိုက်သလိုမျိုး
ယဇ်ပလ္လင်ကို သူ့သွေးနဲ့ ဆေးကြောကြတော့မယ်
ငါတို့သာ ဆန်တစ်ပြည်ပေးခဲ့ရရင် ဆီတစ်ပုလင်းတော့ ပြန်ယူချင်မှာပဲ
ငါတို့သာ ပါးတစ်ဖက်အရိုက်ခံရရင် နားတစ်ဖက်ကိုတော့ ပြန်ကိုက်မိမှာပဲ
ငါတို့အတွက် သစ္စာသိကျွန်ယုံတစ်ယောက်လို သူ ပေးဆပ်ခဲ့သမျှတွေ ဘယ်မလဲ
ငါတို့အပေါ် လူမျိုးဘာသာမရွေး သူ နားလည်ခွင့်လွှတ်ပေးခဲ့သမျှတွေ ဘယ်မလဲ
ငါတို့ဟာ မိခင်ရဲ့သားမြတ်ကိုမှ ရက်ရက်စက်စက် ကိုက်ဖြတ်ချင်ခဲ့တာလား
ခေတ်အဆက်ဆက်သမိုင်းပေးတာဝန်တိုင်းကို ကျေပွန်ခဲ့တဲ့ ငါတို့ရဲ့ရဲဘော်ရဲဘက်
လူသားပေါင်းသန်းခြောက်ဆယ်ကျော်ကို အခိုင်မာဆုံးချည်နှောင်ထားတဲ့ကြိုးတစ်ချောင်း
သွေးဆာနေတဲ့ဓားချက်တွေအောက်မှာ သူ့အသက်သူ မချိမဆံ့ ပြန်လုနေရရှာပေါ့
ဧရာဝတီ . . .

အရေပြားကို ထိုးဖောက်လောင်ကျွမ်းနေတဲ့ မှတ်တမ်းမှတ်ရာတစ်ချို့
ကလေးဘ၀ကနေလှမ်းကြည့်တုန်းက ဝေးခဲ့ဖူးတဲ့ကြယ်တွေဟာ
ဒီအသက်ဒီအရွယ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ပိုပြီး အနေဝေးလာ
ကိုယ့်ရောဂါနဲ့ကိုယ် အဆုံးစီရင်လိုက်ဖို့ ထစ်အခဲ့ရလေသလား
မာနဟာ မြွေနာတစ်ကောင်လို မှိန်းခွေနေတယ်
လောကဓံပေးတဲ့ဒဏ်ရာတွေ ကဗျာလုပ်ရေးလို့ရရင် ကောင်းမယ်
ကျေးဇူးပြုပြီး ဘာရယ်မဟုတ်တဲ့လှောင်ပြောင်ချင်စိတ်တွေကို နည်းနည်းလေး အသံလျှော့ပေးပါ
ကျေးဇူးပြုပြီး လက်လှမ်းမီရာလောင်တတ်တဲ့မျက်လုံးတွေကို နည်းနည်းလေး မီးစာလျှော့ပေးပါ
ဘ၀ဆိုတာ နိုင်ငံခြားဘာသာစကား၊ လူတိုင်း အသံထွက်မှားတတ်ကြမယ်
ငါစိုက်ပျိုးခဲ့တာ အဆိပ်ပင်တွေဆိုရင်လည်း ငါကိုယ်တိုင်ပဲ အကုန်အစင် ရိတ်သိမ်းမယ်
ငါ့တစ်ကိုယ်တော်လောင်မြိုက်မှုတွေရဲ့ဘေးမှာ ညတွေဟာ မှောင်မှောင်မည်းမည်း ၀ိုင်းဖွဲ့ထိုင်ကြမြဲ
အရည်ပျော်နေတဲ့ငါ့အနုပညာရွှေသားရုပ်တုရဲ့ဘေးမှာ ငါဟာ အရူးမီးဝိုင်း လူခြေတိတ်နေမြဲ
စိုးရိမ်တတ်သူလေးရဲ့စိတ်မချမှုတွေ
ဘ၀တစ်လျှောက်လုံး နောက်ဆံတငင်ငင် အုံ့ဆိုင်းလိုက်လာတယ်
လတ်ဆတ်တဲ့ပုထုဇဉ်မိန်းမသားဆိုတော့
သူ့ရဲ့မိခင်စိတ်ဟာ ငါ့ဆီ တစ်နည်းမဟုတ်တစ်နည်း လာလာလင်းပေမပေါ့
လမ်းဟာ အကျအရှုံးလို့ နာမည်ပြောင်းပြီး တံခါးကို လာခေါက်တဲ့အခါ
လက်ပြန်တုပ်နှောင်ထားတဲ့ကြိုးတွေ သူ့အလိုလို ပြေလျော့သွားမှာပါ
အမာရွတ်ကို ဖွဖွလေး ပွတ်သပ်နေရင်း စိတ်မှာ ရွက်ပုန်းဓားတွေ များခဲ့ပြီ
ဝမ်းနည်းစရာကြုံတဲ့အခါ မျက်ရည်ကျဖို့ထက် ခပ်အအ ကြောင်ကြည့်နေမိတယ်
ပျော်ရွှင်စရာကြုံတဲ့အခါ ရယ်မောလိုက်ဖို့ထက် ခပ်ထုံထုံ မျက်မှောင်ကြုံ့နေမိတယ်
ဖောက်ပြီးသာစုဗူးအခွံတစ်လုံးလို ကိုယ့်ခေါင်းကိုယ်ခေါက်ချနေတဲ့သားရဲစိတ်တွေ ပဲ့တင်သံ ကြားရ
ညားခါစလင်မယား သေကွဲကွဲသလို ကမ်းကုန်အောင် အမှတ်ရခြင်းတွေ သွေးပျက်ဖွယ် ကြုံရ
တိုက်ပွဲမှာ ကိုယ့်လက်မောင်းသွေးကိုယ် ဖောက်သောက်ပြီး အာသာဖြေခဲ့ပါတယ်
ရန်သူ့ခံတပ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ကိုယ့်အသားကိုယ် လှီးစားပြီး အားဖြည့်ခဲ့ပါတယ်
တသုန်သုန်တိုက်ခတ်နေတဲ့လေစီးထဲ ငါ့နာမည်ကို တစ်မှုန်ချင်း ခြွေလှေ့ပစ်လိုက်ကြပါတော့
အားလုံး ထင်ထားတဲ့အတိုင်းပဲ၊ ငါ မအောင်မြင်ခဲ့ဘူး

အလျှံညီးညီးနေ့များ
နာကျင်မှုဟာ ရင်ဆို့လာတယ်
အဆိပ်လူးမြားချက်ထိလို့ အသက်ပျောက်နေတဲ့မျောက်မိခင်ရဲ့ရင်ခွင်ထဲက
တင်းတင်းကျပ်ကျပ်ပိုက်ထွေးခံထားရတဲ့မျောက်သားငယ်လေးကို ကြည့်ရင်း
ဝမ်းနည်းစိတ်ဟာ ဘောင်ဘင်ခတ်လာတယ်
ပြန်လာစေချင်တာပေါ့
ဘယ်ဆီဘယ်ဝယ် အော်ခေါ်ခွင့်မရခဲ့ပေမယ့် မရှုနိုင်မကယ်နိုင်တမ်းတစိတ်နဲ့
ပြန်လာစေချင်ခဲ့တာပေါ့အမေရယ်
ဘ၀ဆိုတာ တော်လဲသံတွေ အပြိုင်ထစ်ချုန်းနေတဲ့တောကြီးမျက်မည်း
မိခင်ဝေးသူတစ်ယောက်ရဲ့ဘ၀ဟာ အထိတ်ထိတ်အလန့်လန့် တောနက်ခဲ့ရတယ်
ကြေကွဲဆို့နင့်မှုတွေ ဗွက်ပေါက်အောင် အိုင်ထွန်းနေတဲ့အခါ
ဦးခေါင်းထိုးစိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခွင့်ပေးမယ့်အမေ့ရဲ့ရင်ခွင်ကို ငတ်တယ်
ရိတ်သိမ်းခဲ့သမျှအသီးအပွင့်တွေ ကြွယ်ပိုးကြွယ်ဝ ရွှေရောင်တောက်နေတဲ့အခါ
အပြုံးရိပ်အောက်မှာ ခိုလှုံငြိမ်းချမ်းခွင့်ပေးမယ့်အမေ့ရဲ့မျက်လုံးတွေကို ဆာတယ်
အမေ မသိခဲ့ဘူး
အမေပြန်လာလိမ့်နိုးနိုးအိမ်မက်ဆိုးတွေနဲ့ ဂယောင်ခြောက်ခြား လန့်နိုးခဲ့ရတဲ့ညတွေအကြောင်း
အမေ မသိခဲ့ဘူး
အမေပြန်လာလိမ့်နိုးနိုးအတွေးတွေနဲ့ အယောင်ယောင်အမှားမှား ကျကွဲခဲ့ရတဲ့နေ့တွေအကြောင်း
မိသားစုတံတား ကျိုးပျက်သွားလို့ လမ်းချော်တိမ်းမှောက်ခဲ့ရတဲ့ရထားတစ်စင်းဟာ သမီးပါ
မိသားစုဂစ်တာ ကွဲအက်ကြေမွသွားလို့ အသံ,အခဲ့ရတဲ့ကြိုးလေးတစ်ချောင်းဟာ သမီးပါ
သူများတွေအတွက် မိခင်မေတ္တာဟာ ခေါင်းပေါ်မှာဝေနေအောင်ပန်ထားတဲ့အမြိုက်တရားလား
သမီးအတွက်တော့ အမေ့ရဲ့မေတ္တာဆိုတာ
ဖြေဆိုလိုက်တိုင်း မှားယွင်းသွားမယ့်ထောင်ချောက်ဆန်တဲ့မေးခွန်းပါ
ရင်လုံးကျွတ်ပွင့်နေတဲ့သံသယတွေနဲ့ လူပြတ်တဲ့လမ်းတွေကိုမှ ရွေးပြီး လျှောက်ချင်တယ်
ဝရန်တာပေါ် တသွင်သွင် စီးဆင်းနေတဲ့လရောင်ကိုတောင် စိတ်ချလက်ချ မဆုပ်ကိုင်ရဲဘူး
အာရုံအသေတွေ မွစာကြဲနေတဲ့အခန်းကျဉ်းလေးထဲ သမီးပိုင်ဆိုင်သမျှဟာ
ကျားနာတစ်ကောင်ရဲ့ခြေရာလက်ရာတွေသာ ဖြစ်မှာပါ
အမေ ပြန်လာခဲ့ပါ
သမီးရဲ့လက်ရာ အမေ့အတွက် ဆီကိုက်ဆားကိုက်ဖြစ်စေရပါ့မယ်
အမေ ပြန်လာခဲ့ပါ
အမေပြောပြမယ့် လောကနဲ့လူတွေအကြောင်း သမီး ငြိမ်ငြိမ်လေး နားထောင်နေပါ့မယ်
အမေ ပြန်လာခဲ့ပါ
“သမီးရေ . . .”လို့ ကြင်ကြင်နာနာခေါ်မယ့် အမေ့ရဲ့အသံကို ကြားရုံနဲ့
သမီးရဲ့သိမ်ငယ်စိတ်တွေ နာလန်ထလာမှာပါ
မျက်ရည်မကျဘဲ ငိုနေခဲ့ရတဲ့နေ့ရက်တွေ ဆက်ထုံးဗရပွ ချုပ်ရိုးရှည်ခဲ့တယ်
မငိုဘဲစီးကျလာခဲ့တဲ့မျက်ရည်တွေ ဘ၀တစ်ခုလုံး ပဲ့ကြွေအောင် တိုက်စားနေခဲ့တယ်
“ အမေရေ . . .”
ကိုသျှား
Wednesday, May 9, 2012
ဆွေး
အရင်လို လူတွေ ကျဉ်ထားတဲ့စားပွဲဝိုင်းမှာ တစ်ယောက်တည်းပဲလား
ကျွန်တော်ထိုင်နေကျခွေးခြေခုံလေးကို ဆယ်ကျော်သက်တစ်ယောက်လို
လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေမှာလား
နှစ်ယောက်တည်းအားနဲ့ မြို့တည်ခဲ့ဖူးတဲ့စကားဝိုင်းလေးမှာ
တစ်ယောက်တည်းရုန်းကန်နေရတဲ့တိတ်ဆိတ်မှုက
ကျယ်လောင်လွန်းနေမယ်ဆိုတာ ကျွန်တော် သိတယ်
ဦးလေးအောင်က သောကကို တရားနဲ့ ငြှိမ်းသတ်တယ်
ကျွန်တော်က ဘ၀ကို ဓားနဲ့ တောရှင်းတယ်
ဦးလေးအောင်နဲ့ကျွန်တော်က အတွေ့အကြုံပေါင်း လေးဆယ့်ငါးနှစ်စာ ဝေးတယ်
ဦးလေးအောင် ပြောခဲ့တယ်
“ မင်းနဲ့တွေ့တဲ့အချိန်တိုင်း ငါ့ကိုယ်ငါ အဘိုးအိုတစ်ယောက်ဆိုတာ မေ့သွားတယ်
ငါ့ဇရာကို သွေးသစ်လောင်းပြီး နုပျိုစေခဲ့တဲ့အတွက် ကျေးဇူးပါသျှားလေး ”
ကျွန်တော် ပြောခဲ့တယ်
“ လသာသာညလေးတွေမှာ အိမ်ရှေ့ကွပ်ပျစ်ပေါ် ရေနွေးကြမ်းထိုင်သောက်ရင်း
အတိတ်ကို အဓိပ္ပာယ်ရှိရှိ ပြန်တွေးအောက်မေ့ကြတာပေါ့ဦးလေးအောင်ရယ် ”
စားဝတ်နေရေးက တောင်းဆိုတော့ သံယောဇဉ်ကို ထိုးကျွေးခဲ့ရတာပေါ့
ဦးလေးအောင်ရဲ့တစ်နိုင်တစ်ပိုင်ကွမ်းခြံလေး နေကောင်းထိုင်သာရှိဖို့
မေတ္တာပို့ဆုတောင်းရတာ နေ့စဉ်နဲ့အမျှ
ဦးလေးအောင်ရဲ့တရုတ်စက်ဘီးလေး အားကောင်းမောင်းသန်
ဒေါင်ဒေါင်မြည်စေချင်တာကလည်း အမောပါပဲ
လာချင်လည်း မနီးတော့တဲ့ခရီးမို့ စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး
အခု ကျွန်တော်ဟာ ကုန်းခေါင်ခေါင်ပေါ် အရှင်လတ်လတ် ပစ်တင်ခံထားရတဲ့ငါးတစ်ကောင်
ကျွန်တော် အသေခံဖက်တွယ်ခဲ့တဲ့အနုပညာဟာ ကျွန်တော့်ရင်ဝကို ခြေစုံကန်တယ်
ကျွန်တော်က ပါရမီရှင်မဟုတ်တော့ မာရီယာကလည်း ပါရမီမဖြည့်ခဲ့ပါဘူး
ဒီအကြောင်းတွေ ဦးလေးအောင်ကို ပြောပြရင်
ဟိုတုန်းကလို တည်တည်ငြိမ်ငြိမ် ပြုံးပြနှစ်သိမ့်ဦးမှာလား
“ မနက်ဖြန်ဆိုတာ အဝေးကြီး၊ တမလွန်ဆိုတာ နီးနီးလေး ”
(အရှင်ဇနကာဘိဝံသ)
ဘ၀ကို ပျော်သလိုဖြတ်သန်းရတာ မလွယ်ဘူး
ဘ၀မှာ ဖြစ်သလိုနေရတာ ပိုခက်တယ်
ခြေသံလုံလုံနဲ့ နင်းလျှောက်လာတဲ့သေခြင်းတရား
ကျွန်တော်တို့ရဲ့ရှင်သန်မှုကို ခိုးယူမသွားခင်
ဦးလေးအောင်ဆီ တစ်ခေါက်လောက်တော့ ပြန်ရောက်ချင်သေးတယ်

Thursday, April 5, 2012
သေတမ်းစာ
သေအံ့မူးမူးလူတစ်ယောက်ရဲ့နှုတ်ခမ်းမှာ အမှန်တရားဟာ တရွရွ
ကျွန်တော့်ရဲ့လက်မှာ ဒီကဗျာ/ဒီသေတမ်းစာဟာ တစ်စက်စက်
ကျွန်တော်က သွေးအေးတယ်၊ မီးကုန်ယမ်းကုန် တိတ်ဆိတ်နေတတ်တယ်
ကျွန်တော်က ဟစ်တလာ မဟုတ်ဘူး၊ မဟတ္တမဂန္ဓီကို အားကျခဲ့တယ်
ကျွန်တော်ဟာ ဘုရားသခင် မဟုတ်ဘူး၊ ကဗျာဆရာအဖြစ်ကိုသာ ယုံကြည်တယ်
မှန်မှန်ကန်ကန်လွဲမှားအံချော်နေတဲ့လောကထဲမှာ
ကဗျာဆိုတာ လူတော်တော်များများ မသောက်ချင်တဲ့ဆေးခါးတစ်ခွက်
ကဗျာဆိုတာ ထောပတ်သုတ်ထားတဲ့ဒုက္ခပေါင်မုန့်လှလှတစ်ချပ်
ဘ၀ကို `ကဗျာ´အဖြစ် ယုံလို့ ကဗျာအတွက် ဘ၀ကို လှော်ခတ်ခဲ့တဲ့လူ
ကျွန်တော်လို ပန်းမျိုးက ဂယောင်ခြောက်ခြား ပွင့်နေမှာတော့ မဟုတ်ဘူး
အာရုံတွေကို မှိုင်းမိစေချင်လို့ ကဗျာရေးတာ မဟုတ်ဘူး
ရမ္မက်နဲ့ဆာလောင်နေတဲ့ခံစားချက်တွေကို အစာကျွေးချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
သူများပါးစပ်ပေါက်နားက ထမင်းလုတ်ကို ပုတ်ချချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
ငွေနံ့ကြေးနံ့နံတဲ့ ပဋိသန္ဓာရတွေကို သာယာချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
သွေးဆာနေတဲ့ဓားတစ်လက်ကို အရောင်တင်ပေးချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
ကျွန်တော် မှားလား!!!
တစ်ခါသုံးစကားလုံးတွေချရေးပြီး ရောင်းတန်းမ၀င်ချင်ခဲ့တာ
ကျွန်တော် မှားသွားလားအမေရယ်
ဘာမဆို လွယ်လွယ်ရနိုင်တဲ့ခေတ်မှာ
လွယ်လွယ်ရနိုင်တဲ့အရာရာကို ကျွန်တော် ငြင်းတယ်
ဘယ်သူမဆို လွယ်လွယ်ရောက်နိုင်တဲ့လမ်းကို မလျှောက်ဘူး
ဘယ်သူမှ မလျှောက်ချင်တဲ့လမ်းကို ကျွန်တော် ဖောက်မယ်
ကျွန်တော့်အကြည့်က ဆူးထက်ချွန်ပြီး
ကျွန်တော့်အတွေးက အလင်းထက် လျှင်တယ်
ကျွန်တော် လောင်ကျွမ်းချင်တဲ့ယုံကြည်ချက်ဟာ
`ငါ့အတ္တနဲ့ ငါ၊ ငါ့မာနနဲ့ ငါ၊ ငါ့သိက္ခာနဲ့ ငါ´
လူကြီးလူကောင်းဆိုသူတွေရဲ့ဝံပုလွေဘာသာဗေဒညစာစားပွဲတွေကို
ကျွန်တော် ဘယ်လိုမှ အရသာမခံနိုင်ဘူး
လူတစ်ချို့လက်ထဲမှာ ခေါင်းဖြစ်သွားတဲ့အမှန်တရားဟာ
ကျွန်တော့်အတွက် အမြဲတမ်းပန်းပဲ
အပုပ်အဆွေးစားအကြည့်တွေက ကျွန်တော့်ကို စူးစူးရဲရဲ ထိုးစိုက်ခဲ့ကြတယ်
ညှီစို့စို့အတင်းအဖျင်းတွေက ကျွန်တော့်သက္ကရာဇ်တွေကို
တရွတ်တိုက် ပွတ်ဆွဲခဲ့ကြတယ်
ကျွန်တော် ကိုယ့်သိက္ခာ ကိုယ်ယုံလို့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်
မီးဆိုတာ ရင်နဲ့ခတ်မှပွင့်တတ်တဲ့လောင်စာ
ကျွန်တော်ဟာ . . .
သံရှည်ဆွဲအူနေတဲ့လရောင်ညတွေကို ချစ်ခဲ့တယ်
စပယ်တွေ ပင်လုံးကျွတ်ပန်ထားတဲ့သစ်ပင်လေးကို ချစ်ခဲ့တယ်
အိပ်မက်တွေရဲရဲပွင့်နေတဲ့ တစ်ကိုယ်စာအခန်းကျဉ်လေးကို ချစ်ခဲ့တယ်
ကျွန်တော့်အနုပညာကို မှော်သွင်းပေးနေတဲ့ရိုးသားမှုအတုံးအခဲမလေးကို
ချစ်ခဲ့တယ်
အကျအရှုံးတွေသာ ဖြစ်ထွန်းတတ်တဲ့မျှော်လင့်ချက်မြေယာလေးကို ချစ်ခဲ့တယ်
စိတ်ကို အရွယ်ကျမြန်စေတဲ့နှစ်ဆယ့်တစ်ရာစုတစ်ခုလုံးကို ချစ်ခဲ့တယ်
ကျွန်တော် ဒဏ်ရာအထပ်ထပ်ကို ဖြတ်ကျော်ပျံသန်းခဲ့ဖူးတယ်
ဂုတ်ပေါ်တုတ်တင်ဓားမိုးလောကဓံတရားကို ညခါးခါးတွေပေါ်
ချနင်းခဲ့ဖူးတယ်
ကျွန်တော့်သစ္စာတရားဟာ သွေးစိမ်းရှင်ရှင် ပန်းထွက်နေခဲ့ပေါ့
အောင်ပွဲရသူရဲကောင်းတစ်ယောက်ရဲ့အိမ်အပြန်ကို
မိခင်က ပန်းကုံးစွပ်ကြိုဆိုသလို ကျွန်တော့်ကို ကြိုဆိုတဲ့လူ မရှိခဲ့ဘူး
ကျွန်တော် အလှမွေးထားတဲ့ကြောင်ကလေးဟာ
ကျွန်တော့်ကို မယဉ်ပါးချင်တော့ဘူး
ကျွန်တော်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျွန်ယုံတွေဟာ
ကျွန်တော့်ကို အလုပ်အကျွေးမပြုချင်တော့ဘူး
ကျွန်တော် ထွန်ယက်စိုက်ပျိုးခဲ့တဲ့လူသားဆန်မှုအရာရာဟာ
ကျွန်တော့်ကို သူကောင်းမပြုနိုင်တော့ဘူး
ကျွန်တော်မှီဝဲနေတဲ့အမြိုက်တရားဟာ
ကျွန်တော့်အတွက် ဆေးဖက်မ၀င်တော့ဘူး
ကျွန်တော် မပျော်ဘူးလို့ ကိုယ့်ကိုယ်ကို သိနေတာဟာ ပျော်စရာပါ
ကျွန်တော်ဟာ ပျော်ဝင်ပစ္စည်းမဟုတ်လို့ အရည်ဖျော်မခံရတာ ပျော်စရာပါ
အရည်ဖျော်မခံရတဲ့ကျွန်တော့်မာကျောမှုကို
ကမ္ဘာကြီးရဲ့အလှပဆုံးသမိုင်းဖတ်စာမှာ ကျွန်တော်ကိုယ်တိုင် ရေးထိုးခဲ့ပါတယ်
ကျွန်တော် နားလည်ခဲ့တဲ့မနုဿဗေဒဆိုတာ
ပျားရည်သုတ်လိမ်းထားတဲ့အသွားထက်နှစ်ဖက်ချွန်ဓား
ကျွန်တော် ခံယူခဲ့တဲ့လူ့ဘ၀အဓိပ္ပာယ်ဟာ
မီးရှိရာလာတဲ့ လောင်စာ
နေ့ပြန်တိုးလို တရိပ်ရိပ်တက်နေတဲ့ဝဋ်ကြွေးတွေအတွက်
အသက်ကို ဖဲ့ဆပ်ရခြင်း
ခွင့်လွှတ်တယ် . . .
ကျွန်တော် ရပ်စောင့်ရင်း အမှောင်ကျသွားတဲ့မျှော်လင့်ခြင်းများ
ကျွန်တော် ခူးဆွတ်ရင်း ပုပ်သိုးသွားတဲ့ချစ်ခြင်းသစ်သီးများ
ကျွန်တော် ရယ်မောရင်း မျက်ရည်ကျသွားတဲ့ရှုံးနိမ့်နာကျင်မှုများ
ကျွန်တော် ယုံကြည်ရင်း ဆိတ်သုဉ်းသွားတဲ့အနာဂတ်ခေါ်သံများ
ကျွန်တော် ဆုပ်ကိုင်ရင်း ခုန်ဆင်းသွားတဲ့မေတ္တာရောင်မွတ်သိပ်မှုများ

ညံ့နေအောင်သ,ထားတဲ့လက်သည်းတွေနဲ့ သူ့အရေခွံသူ ဆုတ်ဖြဲတယ်
သူ့ခန္ဓာကိုယ်ကထွက်တဲ့အညံ့အဖျင်းတွေကို လမ်းတကာ အရပ်တကာ လျှောက်ဝေတယ်
သူ့ဆီမှာ ညံ့တဲ့အရည်အချင်းကလွဲရင် ဘယ်အကြောင်းအရာမှ အညံ့ခံလာမပွင့်ဘူး
လူပြောသူပြောများတဲ့ဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ခြစ်တယ်၊ဖျက်တယ်
ဖျက်ပြီးသားဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ပြန်ခြစ်တယ်
အသင့်ထုပ်ပိုးပြီးသားအညံ့စားပြက်လုံးတွေကို ဖွင့်ဖောက်စားသုံးပြီး
အသံထွက်ညံ့ညံ့နဲ့ ရယ်မောပေးလိုက်ဖို့လည်း သူက အညံ့ခံငြင်းဆန်နေပြန်ရော
သူ့စိတ်ဓာတ်လေးက လှချင်ရက်နဲ့ သူ့စိတ်ရင်းလေးက ညံ့နေလို့
သူ့ကဗျာလေးက ကောင်းချင်ရက်နဲ့ သူ့စကားလုံးလေးက ညံ့နေလို့
ရုပ်ကြမ်းကြီးနဲ့နွဲ့ပြထားတဲ့သူ့ကဗျာ/အရေးအသား ညံ့တဲ့နေရာမှာ လက်ဖျားခါလောက်တယ်
တစ်ကိုယ်လုံးဖျင်ချကြည့်လိုက်တဲ့အခါ အရိုးစုမှာ သူ့ညံ့ဖျင်းမှုဟာ အမြစ်စွဲနေတယ်
သူ့ရဲ့ခပ်ညံ့ညံ့ကဗျာတွေမှာ သူ့ညီလေးအကြောင်း အခန်းဆက် ညံ့တယ်
(သူ့ညီလေးက သူညံ့တာကို လက်မခံဘူး)
သူ့ရဲ့ခပ်ညံ့ညံ့ကံဇာတာမှာ သူ့အကြောင်းသူ တခုတ်တရ ညံ့တယ်
သူ့ရဲ့ခပ်ညံ့ညံ့နေ့ရက်တွေမှာ သူ့မမအကြောင်း ဦးလည်မသုန် ညံ့တယ်
(သူ့မမက သူ့ရဲ့ညံ့ဖျင်းမှုကို အားပေးတယ်)
တစ်သက်လုံးညံ့ဖျင်းလာသမျှ သူဟာ ညံ့ဖျင်းမှုအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် ညံ့လာတယ်
စက်ရုံတစ်ရုံတည်ဆောက်ပြီး သူ့ရဲ့ညံ့ဖျင်းလှတဲ့အရည်အသွေးကို ကဗျာတံဆိပ်ရိုက်နှိပ်
တစ်ကမ္ဘာလုံးဆီ တင်သွင်းဖြန့်ချိနေတော့တယ်
ကိုသျှား
Subscribe to:
Posts (Atom)