Pages

Wednesday, June 20, 2012

ငါ့အသားစတွေဟာ ငါ့အရိုးစုကနေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတယ်

                       ( ၁ )

ကိုသျှားပါ . . .
မင်းကို ရင်ပွင့်ပေါက်မတတ် ချစ်တဲ့ကောင်ပါ
မင်းပြောသလို ငါ့ကိုယ်ငါ ပြန်ညွှန်းဆိုပြရရင်
အပေါစားဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့စရိုက်မျိုးနဲ့ကောင်ပါ

ငါမှားခဲ့တယ်ဆိုတာ ငါ့ကိုယ်ငါ သိတယ်
လွယ်လွယ်လေးမှားခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ
အရိုးပဲ ရရ၊အသားပဲ ရရ၊ အောက်တန်းကျကျရယ်လို့ မင်းယူဆတဲ့
အဲဒီမိုက်မဲမှုမှာ ငါဟာ ပြာပုံအတိပြီးခဲ့ပြီ
ငါ မှားသွားတဲ့အကြောင်း ၀န်ခံလိုက်တဲ့ရိုးသားမှုဟာ
မင်းအတွက် ခြောက်အိပ်မက်တဲ့လား

မင်း ရွှေလို တန်ဖိုးထားတဲ့ မင်းကိုယ်ကျင့်တရားကို
ငါ ဘယ်နှရွေးစာလောက်များ တွန်းရွှေ့လိုက်ခဲ့မိလို့လဲ

                           ( ၂ )

နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်
လမ်းပေါ်မှာ
မေ့အချစ်မြား စူးအလိုက် သွေးရူးရင်း
ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေရမယ်လို့
အော်နေတယ်

သူငယ်ချင်းတွေက ပြောတယ်
“ မင်းအသည်းကွဲတာ ကြောက်စရာကြီးငသျှားရာ ”
ငါ ရင်ကွဲနာကျနေတာ သူတို့ မသိဘူး

ငါ အရက်မသောက်ဘူး
ငါ လက်ဘက်ရည်ဆိုင် မထိုင်ဘူး
ငါ ဘယ်သူ့ကိုမှ စကားမပြောဘူး
တစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်နေမိတဲ့စီးကရက်မီးခိုးငွေ့တွေထဲ
မင်းမျက်နှာကို ဆွဲဆွဲငင်ငင် ငေးကြည့်နေမိတယ်
နွမ်းရိစုတ်ပြဲနေတဲ့လက်သုတ်ဖတ်လို ငါဟာ လျော့ရဲလို့

                        ( ၃ )

မင်း ရှိနေတာကို ငါ မသိခဲ့ဘူး၊မင်း ရှိနေတာကို ငါ သိခဲ့ပြီ

မင်းက လူတစ်ယောက် အသက်ရှုနေသေးတာကိုပဲ ကြည့်ပြီး
သူ အသက်ရှင်နေတာ ငါ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ တွေးနေမှာ
အသက်ရှုရင်း သေနေတဲ့လူတစ်ယောက်ကို မြင်မယ်မထင်ဘူး

အစိမ်းသေ သေခဲ့ရတဲ့ငါ့ကို မင်း မမြင်ဘူး
ခိုကိုးရာမဲ့လို့ အိပ်မက်မှာ ကိုယ်ယောင်ပြမိရင်တောင်
မင်းကို ခြောက်လှန့်တယ်ထင်ရင် ထင်ဦးမယ်

                             ( ၄ )

ငါ့မက်ခရိုစက္ကန့်တိုင်းဟာ အ၀ိစိတစ်ခုစာနဲ့ ညီမျှခြင်းကျနေတယ်
ကြယ်တွေကို ရေတွက်ရင်း ကြည်နူးနေတဲ့ကလေးတစ်ယောက်ရဲ့ပါးပြင်ကို
အမှောင်ဟာ အငြိုးတကြီး ဖြတ်ရိုက်သွားတာလား
ဝေါဟာရတွေကို ပြုပြင်လို့ရစတမ်းဆိုရင်
“ ငါ့ဘ၀ ”ရဲ့နေရာမှာ မင်းနာမည်ကို မင်း ဖတ်ရလိမ့်မယ်

ငရဲပန်းကို တစ်ခေါင်းလုံးတောထအောင် ပန်ဆင်ခဲ့ရတဲ့နေထိုင်မှုထဲ
သီဆိုနေဆဲမျှော်လင့်ခြင်းသီချင်းမဆုံးခင်
ငါ့လျှာဟာ အရင်းကနေ လွှဆွဲခံလိုက်ရသလို ပြတ်ကျတယ်
ငါ တီးခတ်နေတဲ့ဂစ်တာကနေ ပြတ်ထွက်သွားတဲ့ကြိုးက
ငါ့မျက်လုံးတွေကို ထိုးဖောက်တယ်

                               ( ၅ )

“ နေ အရမ်းပူလွန်းလို့ ကျွန်တော် ဒီပြစ်မှုကို ကျူးလွန်မိတာပါ ”
“ ကျွန်တော့်အမှုသည်ကို အမေသေတာ မငိုတဲ့အမှုနဲ့ စွဲချက်တင်တာလား
လူသတ်မှုနဲ့စွဲချက်တင်တာလား သိပါရစေ ”
                                             (စည်းအပြင်က လူမှ ပြောစကားများ)

“ ဘယ်အရာမျိုးကိုမဆို ရှင် ခံနိုင်ရည်ရှိစေချင်တာပါကိုသျှား ”
“ အကြောင်းတစ်ခုခုကြောင့် မင်းနဲ့ဝေးကွာသွားရမှာကလွဲရင်
ဘယ်လိုလောကဓံမျိုးကိုမဆို ကိုယ် ခံနိုင်ရည်ရှိတယ် ”

ဆင်ခြေတွေပေးပြီး ရှောင်ထွက်တတ်တဲ့ကကွက်ကို ငါ မကြိုက်ဘူး
မှားခဲ့သမျှကို ၀န်ချတောင်းပန်ဖို့ မင်းခြေရင်းမှာ ငါ ၀ပ်ဆင်းခဲ့သားပဲ
မင်းဟာ ပြတ်သားမှုလက်ကိုင်ရိုးတပ်ထားတဲ့အချွန်မြိဆုံးဓားမြှောင်တစ်လက်
ငါ့ရင်ကို ထိုးစိုက်လိုက်ရမှ ကျေနပ်မယ်ဆိုရင်လည်း
အဲဒီဓားဦးလှည့်ရာ ငါ အရှိန်အဟုန်နဲ့ ထိုးစိုက်ပျံဆင်းလာခဲ့မယ်

အာခေါင်ကနေ လက်တစ်ဆုံးနှိုက်ပြီး ငါ့ကလီစာတွေကို ထုတ်ယူလိုက်သလိုမျိုး
အပင်းဆို့နေတဲ့ငါ့အမိုက်အမှားတွေကို လှီးထုတ်ပစ်လိုက်လို့ရရင် ကောင်းမယ်

ဖြစ်လာသမျှ အပျက်အစီးတိုင်းဟာ ငါ့အပြစ်တွေချည်းပါပဲ

                                 ( ၆ )

မင်းကို ငါ ချစ်ခွင့်ပန်ခဲ့တာ ချစ်လို့
မင်းဆီကို ငါ ဖုန်းဆက်နေတာ ချစ်လို့
မင်းကို ငါ ဒီလောက်ကြီးထိ သည်းသည်းမဲမဲ တောင်းပန်နေတာ ချစ်လို့
အိုကွာ . . .
ချစ်လို့!!!
ချစ်လို့!!!!
ချစ်လို့!!!!!
ငါ မင်းကို ချစ်လွန်းလို့ !!!!!!!

ဂျီတော့(ခ်)မှာ မိန်းကလေးတစ်ယောက်ကို
အီမိတဲ့အကြောင်း မင်းကို ဖွင့်ဟ၀န်ခံလိုက်တာဟာ
ငါ့လျှာပေါ် ငါကိုယ်တိုင် ဓားသွေးခဲ့ရတာပါပဲ
ငါ ပြောပြမှ မင်း သိမှာဆိုတော့ ငါ ပြောမပြဘဲ မနေရက်ခဲ့ဘူး

မင်းစိတ်က အရမ်းဆတ်လွန်းတယ်
အဲဒီဆတ်လွန်းတဲ့စိတ်ကိုမှ ငါက ခုတ်ချမိတော့
နှစ်ယောက်စလုံး ကျိုးကျခဲ့ရတော့တာပေါ့

ပင်ပန်းလွန်းလိုက်တာ . . .
စိတ်ရော၊ကိုယ်ရော တွင်းနက်ကြီးထဲ ထိုးကျ
အာရုံတွေ အ,တယ်
စင်ပေါ်တက်ဖို့ အရှိန်ယူနေဆဲငါ့နာမည်ကိုလည်း
ငါကိုယ်တိုင်ပဲ စုတ်ဖြဲမိတော့တယ်
ဒါဟာ မင်းကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့မိတဲ့အတွက်
ငါ ပြန်လည်ပေးဆပ်နိုင်သမျှ လျော်ကြေးပါ

                               ( ၇ )

မကာရရာသီဖွားတစ်ယောက်ဖြစ်တဲ့ငါ့စိတ်ကို
မကာရရာသီဖွားတစ်ယောက်ဖြစ်တဲ့မင်း ကျမ်းမကျေခဲ့ဘူးလား
မင်းဟာ ငါ့ချစ်သူမဟုတ်ခဲ့ပေမယ့် မင်းဟာ ငါ့ချစ်သူပါပဲ

စိတ်မှန်းနဲ့ရေးဆွဲထားတဲ့အနာဂတ်မြေပုံကြမ်းမှာ
ငါတို့ရဲ့တူနှစ်ကိုယ်အိပ်မက်လေး စိမ်းလန်းခဲ့ဖူးတယ်
နှစ်ကိုယ်တူဆောက်မယ့်ဘ၀အိမ်လေးအကြောင်း တွေးတောကြည်နူးရင်း
ငါ့နေ့ရက်တွေရဲ့လည်ဆံမွှေးကို လေလေးတချွန်ချွန်နဲ့ ငါ သ,ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ခဲ့ဖူးတယ်

ဘယ်ဘာသာစကားကိုပဲ သုံးသုံး
ငါ ပြန်ရလာမယ့်အနက်အဓိပ္ပာယ်ဟာ ကြေကွဲခြင်းပဲလား
မင်း ငါ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးဆိုတာ ငါ သိတယ်

မိုက်မိုက်မဲမဲ ငါ့မှားယွင်းမှုကနေ ဖော်စပ်ထားတဲ့အဆိပ်ခွက်ကို
ငါကိုယ်တိုင် သောက်ခဲ့ရတယ်ဆိုပေမယ့်
ကြိုးမိန့်ကျပြီးသား တရားခံတစ်ယောက်လောက်မှ
ဆုတောင်းခွင့်ကို မပေးခဲ့တာ ငါ့သံသရာထိ ကျိန်စာသင့်နေတော့မှာ

                               ( ၈ )

( က ) ရွှေငါးလေးနဲ့ဝေးဝေးက နေ့စွဲတွေ
( ခ )   ငြိမ်း
( ဂ )   မာရီယာ ( ၄ )
( ဃ )  မိုးမဆုံးမေးခွန်းတွေ မီးခိုးလို တငွေ့ငွေ့
( င )   အဝေးတစ်နေရာ
( စ )   ကျေးတောသား
( ဆ )  လူပြက်

ကဗျာအဖြစ် မင်းအတွက် ငါ ရည်ရွယ်ရေးဖွဲ့ထားသမျှ အရာရာဟာ
ငါ့အတွက်တော့ ငါ့ ရုပ်အလောင်းကို သဂြိုလ်မယ့်လောင်စာတွေ ဖြစ်ခဲ့ပြီ
မှတ်မိအောင် နောက်တစ်ခေါက်ထပ်ရေးပြရရင် ခေါင်းစဉ်က
“ ငါ့အသားစတွေဟာ ငါ့အရိုးစုကနေ အဖတ်လိုက် အဖတ်လိုက် ကွာကျနေတယ် ”

                                  ( ၉ )

ဒီကဗျာကို ငါပလီပလာနဲ့ ရေးနေတာပါလို့ မင်း မစွပ်စွဲဖို့လောက်တော့
ငါ မျှော်လင့်ပါရစေ
ပြည်တည်နာတစ်ခုလို လှိုက်စားခံနေရတဲ့ငါ့နှလုံးသားကို
အပ်နဲ့ထိုးဖောက်ခံလိုက်ရသလို ပန်းထွက်လာတဲ့စကားလုံးတွေ
အလျှံညီးညီး တောက်လောင်နေတာကိုတော့
( ငါ့ကို ဘယ်လောက်ပဲ မုန်းမုန်း )
ဘယ်လိုနည်းနဲ့မှ မင်း မလှောင်ရက်ဘူးဆိုတာ ငါ ယုံတယ်

                                 ( ၁၀ )

ငါ ပျော့ညံ့တာကို မင်း မကြိုက်ဘူးမဟုတ်လား
မိန်းကလေးတစ်ယောက်အတွက် ငါ မျက်ရည်ကျတာကို
မင်း ရွံတယ်မဟုတ်လား
အခု မင်းလက်ထဲကသေနတ်ပြောင်းဝကို
ငါ့နှဖူးမှာ စူးစူးရဲရဲ တေ့ပေးထားတယ်

` မှတ်ထားပါ
ငါ့ကို ချစ်တာကို သက်သေပြချင်ရင်
ဘယ်တော့မှ ငါ့ကို ဆက်သွယ်ဖို့ မကြိုးစားပါနဲ့
အဲဒါမှ နင် ငါ့ကို ချစ်တာကို ယုံမယ် ´

ကဲ . . .
အခု ငါ ဒီကဗျာနဲ့ မင်းကို ဆက်သွယ်လိုက်မိပြီ
ငါ့နှဖူးမှာ တေ့ထားတဲ့မင်းသေနတ်ကို မောင်းဖြုတ်လိုက်ပါတော့

                                ( ၁၁ )

အဲဒီနေ့ကတည်းက ငါ့ခေါင်းဟာ ငါ့ခန္ဓာကိုယ်ပေါ်ကနေ ခုန်ဆင်းပြီး
အရှိန်ပြင်းပြင်းမောင်းဝင်လာတဲ့ကားအောက် လှိမ့်ဝင်သွားခဲ့
အဲဒီနေ့ကတည်းက ငါ့လက်တွေဟာ မုန်တိုင်းနဲ့ရိုက်ချိုးခံရတဲ့ပွင့်ဖတ်တွေလို
ငါ့ခန္ဓာကနေ ကြွေကျသွားခဲ့
အဲဒီနေ့ကတည်းက ငါ့ခြေထောက်တွေဟာ ပိုးထိုးခံထားရတဲ့အိမ်တိုင်တစ်လုံးလို
ငါ့ခန္ဓာကနေ ဆွေးမြေ့ပြိုလဲသွားခဲ့
အဲဒီနေ့ကတည်းက ငါ့ခန္ဓာကိုယ်တစ်ခုလုံး
ရထားသံလမ်းပေါ် အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့ရပေါ့

ငါ့ရဲ့အသားစတွေ၊အရိုးစတွေဟာ ညှီစို့စို့ငါ့သွေးကန်ထဲမှာ
ပွက်ပွက်ဆူရေနွေးအိုးထဲ ပစ်ထည့်ခံရတဲ့အရှင်လတ်လတ်ဖားတွေလို
ပေါလောမျောနေတယ်

                                ( ၁၂ )

နောက်ဆို မင်းနာကျည်းနေတဲ့ ငါ့ရဲ့ကဗျာတွေကို
မင်း မဖတ်စေရပါဘူး
မင်းကို ဆက်သွယ်တယ်လို့ယူဆရနိုင်မယ့် ငါ့ခြေရာလက်ရာတွေကိုလည်း
သဲလွန်စမကျန်အောင် ဖျောက်ဖျက်ပေးပါ့မယ်
ငါဟာ ဒီခန္ဓာကနေ နောက်ခန္ဓာသစ်တစ်ခုဆီ ရေဒီယိုသတ္တိလို ရုန်းကြွနေတယ်
အရိုင်းညလေပြေထဲ ငါ့စိတ်ဟာ ၀ိဥာဉ်လို ဂယောင်ခြောက်ခြား လွင့်လို့
ဒီကဗျာကို ငါ့ရဲ့ အုတ်ဂူပေါ်မှာ နောက်ဆုံးအနေနဲ့
ငါကိုယ်တိုင် လက်မောင်းသွေးဖောက်ပြီး ရေးခဲ့တာပါ

                                         ( ၁၃ )

ဘာပဲဖြစ်ဖြစ် ငါ ပျော်ပါတယ်
` ကျန်းမာရေးကို ဂရုစိုက်နော်၊ဆေးလိပ်တွေ သိပ်မသောက်နဲ့ ´
` ရှင် အဆင်ပြေလား ´
` ကျုပ် ရှင့်ကို ယူလိုက်ရင် ရှင်နဲ့အတူ ရွာမှာပဲ နွားကျောင်းရမယ်ပေါ့ ´
` ရှင် ဒီအချိန်ကြီးထိ အိမ်မပြန်သေးဘူးဆိုတော့ ရှင့်မိဘတွေက စိတ်ပူနေတော့မှာပဲ ´
` ဒီအချိန်ကြီးမှာ ဖုန်းဆက်ရတယ်လို့ ရှင်တော့ ရူးနေပြီ ´
` ရှင် စကား အရမ်းတတ်လွန်းတယ် ´
အခုလို သေငယ်ဇောနဲ့မျောနေရတဲ့အချိန်မှာတောင်
အဲဒီစကားသံလေးတွေကို ပြန်လည်ကြားယောင်ခွင့်ရနေသေးတဲ့အတွက်
ငါ ပျော်ပါတယ်

သြဂုတ်လ ( ၁၃ ) ရက်  . . .
အဲဒီနေ့မှာ မင်းဆီ တမလွန်ကနေလှမ်းတောင်းပန်လိုက်တဲ့မက်ဆေ့ဂ်ျဝင်လာခဲ့ရင်
ကျေးဇူးပြုပြီး . . . သွေးမလန့်လိုက်ပါနဲ့
အဲဒီနေ့မှာ မင်းအတွေးထဲ ရင်ဘတ်ဓားတန်းလန်းနဲ့လူတစ်ယောက်ရောက်လာခဲ့ရင်
ကျေးဇူးပြုပြီး . . . အမျှမဝေလိုက်ပါနဲ့ငြိမ်း

                                                                                                                             ကိုသျှား

(ရည်ညွှန်းချက်။            ။ချစ်သော . . .
                                   ထို့ထက်ပို၍ ချစ်သော . . .
                                     အချစ်ဆုံး . . .
                                       ` ရွှေငါးလေး ´. . .သို့ )

No comments:

Post a Comment