မင်းဘ၀ဟာ စပယ်တစ်ပွင့်စာလောက်မှ မွှေးပျံ့ပါရဲ့လားကလေးရယ်
နုနယ်တဲ့မင်းပါးပြင်ပေါ်က ချွေးသီးချွေးပေါက်တွေဟာ
မင်းရင်အုံကို ကျည်ဆံတွေအဖြစ် အရှိန်ပြင်းပြင်း ထိမှန်နေပြီလား
ဟိုလူဝယ်နိုးနိုး ဒီလူဝယ်နိုးနိုး အော်ခေါ်နေတဲ့အသံစာစာလေးနဲ့
မောက်မာတဲ့ကားဟွန်းသံတွေ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူး
မင်းအသက်မင်းအရွယ် ကလေးတစ်ယောက်ရဲ့နှုတ်ခမ်းမှာ
စာအံသံတွေသာ တွဲလဲခိုနေသင့်တာပေါ့
ကျောင်းတော်ကြီးက ငြင်းပယ်လိုက်မှာ စိုးရိမ်လို့
အမြီးတိုဖိနပ်လေး လမ်းမပေါ် နေရည်ပူတွေ လောင်းချခံပစ်လိုက်တာလား
ဆရာ၊ဆရာမတွေက အော်ငေါက်ပစ်လိုက်မှာ ကြောက်ရွံ့လို့
နွမ်းရိပေါက်ပြဲနေတဲ့အင်္ကျီလေးပေါ် လောကဓံကို ရေးခြစ်
သင်ယူကျက်မှတ်လိုက်တာလား
ကျောင်းစိမ်းဝတ်စုံနဲ့ကလေးတွေ စာအုပ်ကိုယ်စီ ထုတ်ဖတ်နေချိန်မှာ
စပယ်ပွင့်ကလေးတွေဟာ မင်း ဖတ်နေရတဲ့အက္ခရာတွေ
မင်းဆီက ၀ယ်ယူသွားတဲ့ပန်းကုံးလေးတွေကို
ဘုရားမှာ ကပ်လှူပူဇော်လိုက်ကြတဲ့အခါ
စပယ်ပွင့်ကလေးတွေက မင်းဘ၀လေး သာယာချမ်းမြေ့ဖို့
တခုတ်တရ ဆုတောင်းပေးကြပါလိမ့်မယ်
ခြောက်သွေ့ရိုးပြတ်တောငယ်တစ်ခုလို နီကျင်ကြမ်းရင့်နေတဲ့ဆံပင်တွေကို
ဖွဖွရွရွလေး ပွတ်သပ်ပေးရင်း တီးတိုးရေရွတ်လိုက်မိတယ်
စပယ်ရနံ့ပေါ် လမ်းလျှောက်နေရတဲ့ မင်းရှင်သန်မှုလေး
သင်းသင်းရှရှ မွှေးမြနိုင်ပါစေကွယ်
ဦးဦးကို ခွင့်ပြုပါဦးကလေးရယ်
ဦးဦးရဲ့လက်ထဲမှာလည်း
မင်းမမြင်မင်းမသိနိုင်တဲ့စပယ်ပန်းကုံးလေးတွေနဲ့ပါ
ကိုသျှား
No comments:
Post a Comment