အဆင်မပြေတဲ့လူက အဆင်မပြေသလို သောကပွားပြီး
အဆင်ပြေတဲ့လူက အဆင်ပြေသလို လောဘများတာပဲ
မျက်နှာသစ်မယ့်ရေခွက်ထဲ ကိုယ့်ဒုက္ခကိုယ် မှန်ထောင်ကြည့်လိုက်
ကိုယ့်ကိုယ်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်
မမီမကမ်းစကားလုံးတွေနဲ့ လောကကြီးကို တွေးခေါ်စရာမလိုဘူး
ဒါနဲ့မှ ပျော်စရာမတွေ့သေးရင်မျက်လုံးကို ထက်သထက် ထက်အောင် သွေးပြီး
ဆတ်ကော့လတ်ကော့မိန်းမတစ်ယောက်ရဲ့ရင်အုံကို
ဓားမြှောင်လို ထိုးစိုက်ခွင့်ရှိသေးတယ်
ကဗျာဆရာတွေပြောပြောနေတဲ့ရူးသွပ်မှုမှာ
ငါ့အရသာဟာ ဘယ်လိုအဆင်းရနံ့မျိုးလဲ
ပေါက်နေတဲ့ခပ်ညံ့ညံ့ပြန်ဆိုတေးတစ်ပုဒ်ကို လေချွန်ရင်း
လူတစ်ကိုယ်လုံး အမှိုက်လေးတစ်စလို လွင့်နေတယ်
ငါတို့နေထိုင်ရတာ ရွှေသားအတိပြီးတဲ့ဈေးနှုန်းတွေနဲ့
အသံထွက်မှန်အောင် မဖတ်တတ်လည်း
အလွယ်တကူဝယ်ယူဝတ်ဆင်ခွင့်ရှိတဲ့ပျော်ရွှင်ဖွယ်ဘ၀မှာ
အင်္ကျီမှာ စီးကရက်နံ့လို စွဲနေတဲ့ အကုသိုလ်တွေကို ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ်
ငါ့ဘွဲ့ဓာတ်ပုံမှန်ကားလေး ဖုန်သုတ်နေရင်း
ကျကွဲသွားတာလည်း ကောင်းပါတယ်
ဘာတွေဖြစ်ဖြစ် ကောင်းပါတယ်၊ဘယ်လိုဖြစ်ဖြစ်
ကောင်းပါတယ်၊ဘာတွေ ဘယ်လိုပဲဖြစ်နေနေ ကောင်းပါတယ်
ဒီကဗျာကို ဒီနေရာမှာတင် ရပ်ထားလိုက်တာလည်း ကောင်းမယ်ထင်ပါတယ်
ကိုသျှား
No comments:
Post a Comment