Pages

Thursday, April 5, 2012

သေတမ်းစာ

သေအံ့မူးမူးလူတစ်ယောက်ရဲ့နှုတ်ခမ်းမှာ အမှန်တရားဟာ တရွရွ
ကျွန်တော့်ရဲ့လက်မှာ ဒီကဗျာ/ဒီသေတမ်းစာဟာ တစ်စက်စက်

ကျွန်တော်က သွေးအေးတယ်၊ မီးကုန်ယမ်းကုန် တိတ်ဆိတ်နေတတ်တယ်
ကျွန်တော်က ဟစ်တလာ မဟုတ်ဘူး၊ မဟတ္တမဂန္ဓီကို အားကျခဲ့တယ်
ကျွန်တော်ဟာ ဘုရားသခင် မဟုတ်ဘူး၊ ကဗျာဆရာအဖြစ်ကိုသာ ယုံကြည်တယ်

မှန်မှန်ကန်ကန်လွဲမှားအံချော်နေတဲ့လောကထဲမှာ
ကဗျာဆိုတာ လူတော်တော်များများ မသောက်ချင်တဲ့ဆေးခါးတစ်ခွက်
ကဗျာဆိုတာ ထောပတ်သုတ်ထားတဲ့ဒုက္ခပေါင်မုန့်လှလှတစ်ချပ်
ဘ၀ကို `ကဗျာ´အဖြစ် ယုံလို့ ကဗျာအတွက် ဘ၀ကို လှော်ခတ်ခဲ့တဲ့လူ
ကျွန်တော်လို ပန်းမျိုးက ဂယောင်ခြောက်ခြား ပွင့်နေမှာတော့ မဟုတ်ဘူး

အာရုံတွေကို မှိုင်းမိစေချင်လို့ ကဗျာရေးတာ မဟုတ်ဘူး
ရမ္မက်နဲ့ဆာလောင်နေတဲ့ခံစားချက်တွေကို အစာကျွေးချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
သူများပါးစပ်ပေါက်နားက ထမင်းလုတ်ကို ပုတ်ချချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
ငွေနံ့ကြေးနံ့နံတဲ့ ပဋိသန္ဓာရတွေကို သာယာချင်လို့
ကဗျာရေးတာ မဟုတ်ဘူး
သွေးဆာနေတဲ့ဓားတစ်လက်ကို အရောင်တင်ပေးချင်လို့
ကဗျာရေးတာ မဟုတ်ဘူး

ကျွန်တော် မှားလား!!!
တစ်ခါသုံးစကားလုံးတွေချရေးပြီး ရောင်းတန်းမ၀င်ချင်ခဲ့တာ
ကျွန်တော် မှားသွားလားအမေရယ်

ဘာမဆို လွယ်လွယ်ရနိုင်တဲ့ခေတ်မှာ
လွယ်လွယ်ရနိုင်တဲ့အရာရာကို ကျွန်တော် ငြင်းတယ်
ဘယ်သူမဆို လွယ်လွယ်ရောက်နိုင်တဲ့လမ်းကို မလျှောက်ဘူး
ဘယ်သူမှ မလျှောက်ချင်တဲ့လမ်းကို ကျွန်တော် ဖောက်မယ်

ကျွန်တော့်အကြည့်က ဆူးထက်ချွန်ပြီး
ကျွန်တော့်အတွေးက အလင်းထက် လျှင်တယ်
ကျွန်တော် လောင်ကျွမ်းချင်တဲ့ယုံကြည်ချက်ဟာ
`ငါ့အတ္တနဲ့ ငါ၊ ငါ့မာနနဲ့ ငါ၊ ငါ့သိက္ခာနဲ့ ငါ´
လူကြီးလူကောင်းဆိုသူတွေရဲ့ဝံပုလွေဘာသာဗေဒညစာစားပွဲတွေကို
ကျွန်တော် ဘယ်လိုမှ အရသာမခံနိုင်ဘူး
လူတစ်ချို့လက်ထဲမှာ ခေါင်းဖြစ်သွားတဲ့အမှန်တရားဟာ
ကျွန်တော့်အတွက် အမြဲတမ်းပန်းပဲ

အပုပ်အဆွေးစားအကြည့်တွေက ကျွန်တော့်ကို စူးစူးရဲရဲ ထိုးစိုက်ခဲ့ကြတယ်
ညှီစို့စို့အတင်းအဖျင်းတွေက ကျွန်တော့်သက္ကရာဇ်တွေကို
တရွတ်တိုက် ပွတ်ဆွဲခဲ့ကြတယ်
ကျွန်တော် ကိုယ့်သိက္ခာ ကိုယ်ယုံလို့ ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်
မီးဆိုတာ ရင်နဲ့ခတ်မှပွင့်တတ်တဲ့လောင်စာ

ကျွန်တော်ဟာ . . .
သံရှည်ဆွဲအူနေတဲ့လရောင်ညတွေကို ချစ်ခဲ့တယ်
စပယ်တွေ ပင်လုံးကျွတ်ပန်ထားတဲ့သစ်ပင်လေးကို ချစ်ခဲ့တယ်
အိပ်မက်တွေရဲရဲပွင့်နေတဲ့ တစ်ကိုယ်စာအခန်းကျဉ်လေးကို ချစ်ခဲ့တယ်
ကျွန်တော့်အနုပညာကို မှော်သွင်းပေးနေတဲ့ရိုးသားမှုအတုံးအခဲမလေးကို
ချစ်ခဲ့တယ်
အကျအရှုံးတွေသာ ဖြစ်ထွန်းတတ်တဲ့မျှော်လင့်ချက်မြေယာလေးကို ချစ်ခဲ့တယ်
စိတ်ကို အရွယ်ကျမြန်စေတဲ့နှစ်ဆယ့်တစ်ရာစုတစ်ခုလုံးကို ချစ်ခဲ့တယ်

ကျွန်တော် ဒဏ်ရာအထပ်ထပ်ကို ဖြတ်ကျော်ပျံသန်းခဲ့ဖူးတယ်
ဂုတ်ပေါ်တုတ်တင်ဓားမိုးလောကဓံတရားကို ညခါးခါးတွေပေါ်
ချနင်းခဲ့ဖူးတယ်
ကျွန်တော့်သစ္စာတရားဟာ သွေးစိမ်းရှင်ရှင် ပန်းထွက်နေခဲ့ပေါ့
အောင်ပွဲရသူရဲကောင်းတစ်ယောက်ရဲ့အိမ်အပြန်ကို
မိခင်က ပန်းကုံးစွပ်ကြိုဆိုသလို ကျွန်တော့်ကို ကြိုဆိုတဲ့လူ မရှိခဲ့ဘူး

ကျွန်တော် အလှမွေးထားတဲ့ကြောင်ကလေးဟာ
ကျွန်တော့်ကို မယဉ်ပါးချင်တော့ဘူး
ကျွန်တော်ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ကျွန်ယုံတွေဟာ
ကျွန်တော့်ကို အလုပ်အကျွေးမပြုချင်တော့ဘူး
ကျွန်တော် ထွန်ယက်စိုက်ပျိုးခဲ့တဲ့လူသားဆန်မှုအရာရာဟာ
ကျွန်တော့်ကို သူကောင်းမပြုနိုင်တော့ဘူး
ကျွန်တော်မှီဝဲနေတဲ့အမြိုက်တရားဟာ
ကျွန်တော့်အတွက် ဆေးဖက်မ၀င်တော့ဘူး

ကျွန်တော် မပျော်ဘူးလို့ ကိုယ့်ကိုယ်ကို သိနေတာဟာ ပျော်စရာပါ
ကျွန်တော်ဟာ ပျော်ဝင်ပစ္စည်းမဟုတ်လို့ အရည်ဖျော်မခံရတာ ပျော်စရာပါ
အရည်ဖျော်မခံရတဲ့ကျွန်တော့်မာကျောမှုကို
ကမ္ဘာကြီးရဲ့အလှပဆုံးသမိုင်းဖတ်စာမှာ ကျွန်တော်ကိုယ်တိုင် ရေးထိုးခဲ့ပါတယ်

ကျွန်တော် နားလည်ခဲ့တဲ့မနုဿဗေဒဆိုတာ
ပျားရည်သုတ်လိမ်းထားတဲ့အသွားထက်နှစ်ဖက်ချွန်ဓား
ကျွန်တော် ခံယူခဲ့တဲ့လူ့ဘ၀အဓိပ္ပာယ်ဟာ
မီးရှိရာလာတဲ့ လောင်စာ
နေ့ပြန်တိုးလို တရိပ်ရိပ်တက်နေတဲ့ဝဋ်ကြွေးတွေအတွက်
အသက်ကို ဖဲ့ဆပ်ရခြင်း

ခွင့်လွှတ်တယ် . . .
ကျွန်တော် ရပ်စောင့်ရင်း အမှောင်ကျသွားတဲ့မျှော်လင့်ခြင်းများ
ကျွန်တော် ခူးဆွတ်ရင်း ပုပ်သိုးသွားတဲ့ချစ်ခြင်းသစ်သီးများ
ကျွန်တော် ရယ်မောရင်း မျက်ရည်ကျသွားတဲ့ရှုံးနိမ့်နာကျင်မှုများ
ကျွန်တော် ယုံကြည်ရင်း ဆိတ်သုဉ်းသွားတဲ့အနာဂတ်ခေါ်သံများ
ကျွန်တော် ဆုပ်ကိုင်ရင်း ခုန်ဆင်းသွားတဲ့မေတ္တာရောင်မွတ်သိပ်မှုများ


                                                                                               ကိုသျှား

လူညံ့တစ်ယောက်ရဲ့ သူ့ကိုယ်သူ ခြစ်ရာဖျက်ရာများ

မယ်မယ်ရရ ညံ့ပြစရာဆိုလို့ သူဟာ မဖျတ်လတ်မပေါ့ပါးတဲ့ကြောင်တစ်ကာင်
ညံ့နေအောင်သ,ထားတဲ့လက်သည်းတွေနဲ့ သူ့အရေခွံသူ ဆုတ်ဖြဲတယ်
သူ့ခန္ဓာကိုယ်ကထွက်တဲ့အညံ့အဖျင်းတွေကို လမ်းတကာ အရပ်တကာ လျှောက်ဝေတယ်
သူ့ဆီမှာ ညံ့တဲ့အရည်အချင်းကလွဲရင် ဘယ်အကြောင်းအရာမှ အညံ့ခံလာမပွင့်ဘူး
လူပြောသူပြောများတဲ့ဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ခြစ်တယ်၊ဖျက်တယ်
ဖျက်ပြီးသားဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ပြန်ခြစ်တယ်
အသင့်ထုပ်ပိုးပြီးသားအညံ့စားပြက်လုံးတွေကို ဖွင့်ဖောက်စားသုံးပြီး
အသံထွက်ညံ့ညံ့နဲ့ ရယ်မောပေးလိုက်ဖို့လည်း သူက အညံ့ခံငြင်းဆန်နေပြန်ရော
သူ့စိတ်ဓာတ်လေးက လှချင်ရက်နဲ့ သူ့စိတ်ရင်းလေးက ညံ့နေလို့
သူ့ကဗျာလေးက ကောင်းချင်ရက်နဲ့ သူ့စကားလုံးလေးက ညံ့နေလို့
ရုပ်ကြမ်းကြီးနဲ့နွဲ့ပြထားတဲ့သူ့ကဗျာ/အရေးအသား ညံ့တဲ့နေရာမှာ လက်ဖျားခါလောက်တယ်
တစ်ကိုယ်လုံးဖျင်ချကြည့်လိုက်တဲ့အခါ အရိုးစုမှာ သူ့ညံ့ဖျင်းမှုဟာ အမြစ်စွဲနေတယ်
သူ့ရဲ့ခပ်ညံ့ညံ့ကဗျာတွေမှာ သူ့ညီလေးအကြောင်း အခန်းဆက် ညံ့တယ်
(သူ့ညီလေးက သူညံ့တာကို လက်မခံဘူး)
သူ့ရဲ့ခပ်ညံ့ညံ့ကံဇာတာမှာ သူ့အကြောင်းသူ တခုတ်တရ ညံ့တယ်
သူ့ရဲ့ခပ်ညံ့ညံ့နေ့ရက်တွေမှာ သူ့မမအကြောင်း ဦးလည်မသုန် ညံ့တယ်
(သူ့မမက သူ့ရဲ့ညံ့ဖျင်းမှုကို အားပေးတယ်)
တစ်သက်လုံးညံ့ဖျင်းလာသမျှ သူဟာ ညံ့ဖျင်းမှုအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် ညံ့လာတယ်
စက်ရုံတစ်ရုံတည်ဆောက်ပြီး သူ့ရဲ့ညံ့ဖျင်းလှတဲ့အရည်အသွေးကို ကဗျာတံဆိပ်ရိုက်နှိပ်
တစ်ကမ္ဘာလုံးဆီ တင်သွင်းဖြန့်ချိနေတော့တယ်
                                                                                           ကိုသျှား