Pages

Thursday, April 5, 2012

လူညံ့တစ်ယောက်ရဲ့ သူ့ကိုယ်သူ ခြစ်ရာဖျက်ရာများ

မယ်မယ်ရရ ညံ့ပြစရာဆိုလို့ သူဟာ မဖျတ်လတ်မပေါ့ပါးတဲ့ကြောင်တစ်ကာင်
ညံ့နေအောင်သ,ထားတဲ့လက်သည်းတွေနဲ့ သူ့အရေခွံသူ ဆုတ်ဖြဲတယ်
သူ့ခန္ဓာကိုယ်ကထွက်တဲ့အညံ့အဖျင်းတွေကို လမ်းတကာ အရပ်တကာ လျှောက်ဝေတယ်
သူ့ဆီမှာ ညံ့တဲ့အရည်အချင်းကလွဲရင် ဘယ်အကြောင်းအရာမှ အညံ့ခံလာမပွင့်ဘူး
လူပြောသူပြောများတဲ့ဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ခြစ်တယ်၊ဖျက်တယ်
ဖျက်ပြီးသားဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ပြန်ခြစ်တယ်
အသင့်ထုပ်ပိုးပြီးသားအညံ့စားပြက်လုံးတွေကို ဖွင့်ဖောက်စားသုံးပြီး
အသံထွက်ညံ့ညံ့နဲ့ ရယ်မောပေးလိုက်ဖို့လည်း သူက အညံ့ခံငြင်းဆန်နေပြန်ရော
သူ့စိတ်ဓာတ်လေးက လှချင်ရက်နဲ့ သူ့စိတ်ရင်းလေးက ညံ့နေလို့
သူ့ကဗျာလေးက ကောင်းချင်ရက်နဲ့ သူ့စကားလုံးလေးက ညံ့နေလို့
ရုပ်ကြမ်းကြီးနဲ့နွဲ့ပြထားတဲ့သူ့ကဗျာ/အရေးအသား ညံ့တဲ့နေရာမှာ လက်ဖျားခါလောက်တယ်
တစ်ကိုယ်လုံးဖျင်ချကြည့်လိုက်တဲ့အခါ အရိုးစုမှာ သူ့ညံ့ဖျင်းမှုဟာ အမြစ်စွဲနေတယ်
သူ့ရဲ့ခပ်ညံ့ညံ့ကဗျာတွေမှာ သူ့ညီလေးအကြောင်း အခန်းဆက် ညံ့တယ်
(သူ့ညီလေးက သူညံ့တာကို လက်မခံဘူး)
သူ့ရဲ့ခပ်ညံ့ညံ့ကံဇာတာမှာ သူ့အကြောင်းသူ တခုတ်တရ ညံ့တယ်
သူ့ရဲ့ခပ်ညံ့ညံ့နေ့ရက်တွေမှာ သူ့မမအကြောင်း ဦးလည်မသုန် ညံ့တယ်
(သူ့မမက သူ့ရဲ့ညံ့ဖျင်းမှုကို အားပေးတယ်)
တစ်သက်လုံးညံ့ဖျင်းလာသမျှ သူဟာ ညံ့ဖျင်းမှုအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် ညံ့လာတယ်
စက်ရုံတစ်ရုံတည်ဆောက်ပြီး သူ့ရဲ့ညံ့ဖျင်းလှတဲ့အရည်အသွေးကို ကဗျာတံဆိပ်ရိုက်နှိပ်
တစ်ကမ္ဘာလုံးဆီ တင်သွင်းဖြန့်ချိနေတော့တယ်
                                                                                           ကိုသျှား

No comments:

Post a Comment