Pages

Saturday, September 29, 2012

နည်းနည်းလေးဖြစ်ဖြစ် နေသာထိုင်သာရှိအောင် အဆိုးမြင်ဝါဒကို အဆင်ပြေပြေ မွမ်းမံ

နေ၀င်တယ်။မိုးချုပ်တယ်။ထမင်းစား ပြီး/မပြီး မသိ။လျှာက အရသာကို ရှာလို့မရ။အရသာက
လျှာကို အရင်းကနေ လွှဆွဲတယ်။သတိထား . . . ဒီမြို့က ဟိုမြို့နဲ့ မတူဘူး။အသက်နှစ်ဆယ့်
ခုနှစ်နှစ်ကျော်မှ ဘ၀ကို စတင်တွေးခေါ်မိတာက စတာပဲ။နှစ်ပါးသွားကဖို့ စဉ်းစားနေရုံနဲ့ပဲ အချစ်
ကဇာတ် လည်နေတော့မလား။တောက်ခေါက်လိုက်၊မကျေနပ်သေးရင် အော်ဆဲလိုက်။စိတ်ချမ်းသာ
စရာတွေ ပြန်တွေးအောက်မေ့ရင်း စိတ်ဆင်းရဲစရာတွေ ခေါင်းထဲ ဇွတ်ဝင်လာ။မငြင်းပယ်လိုက်နဲ့။
တံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်ရင် အမှောင်က ကမ်းဆိုက်တယ်။ရင်ဆို့နေတဲ့အိမ်လွမ်းစိတ်ဟာ
ဖွင့်ဖတ်လက်စစာမျက်နှာပေါ် ရှေ့ကရေး နောက်ကပျက်ပေါ့။ကဗျာဆရာအဖြစ်ကို မလိုချင်တော့ဘူး။
တစ်နေ့နှစ်ကြိမ် ဓားနဲ့အထောက်ခံထားရတဲ့ နှစ်ဆယ့်လေးနာရီလူ့အဖြစ်ကို မပိုင်ဆိုင်ချင်တော့ဘူး။
သူ တကယ်ချစ်တဲ့အငွေ့အသက်လေးနဲ့ပဲ ဖျားနာမှုကို အနွေးဓာတ်ပေးထားတယ်။ငါ အသက်ရှင်နေ
သေးတယ်ဆိုတာကိုတော့ ဒီကဗျာ/စာသားကို ဖတ်မိသူတွေ လက်ခံရဲ့မဟုတ်လား။တကယ်တမ်းကျ
တော့ မပြောချင်ပါဘူး။တကယ်တမ်းကျတော့ မပြောလို့ မဖြစ်/ပြီးဘူး(ထင်နေတာ)။သူသေကိုယ်သေ
သံခင်းတမန်ခင်းဆန်နေကြတာချည်းပဲ။တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်၊မေ့ကျန်ရစ်ခဲ့တဲ့နှင်းဆီပွင့်
ဖတ်တွေကို တစ်ရွက်ချင်း လှန်ဖတ်။ဓားဒဏ်ချက်ချင်း ထိုးခုတ်သတ်ပုတ်ရာက အံ့သြလွန်းလို့ ကျကွဲ
သွားတဲ့အသံ။အာခေါင်ကို မီးဆေးလက်စသံခက်ရင်းနဲ့ ထိုးကန့်လန့်ထားတယ်။ခင်ဗျားခြေထောက်
ဖြတ်ပစ်ရမယ်လို့ ဘယ်သူပြောလိုက်တာလဲ>;< ”””’ဒုန့်ထ် ၀ါရီ””’။ကျွန်တော့်ဆေးနဲ့တွေ့ရင် အလိုလို
ပြတ်ကျသွားစေရမယ်:D။. . . . . . . . . . . . . . . . . . ;( ။မသိရင်မှတ်ထား။ဒဏ်ရာတွေ မိုးချုပ်မှ
ခင်ဗျားခြွေချင်တဲ့ ကြယ်တွေကို မြင်ရမယ်။
                                                                                                                                                                            ကိုသျှား

Saturday, September 22, 2012

မြို့ပြလူ

အဓိကက ဘာမှဖြစ်မလာသေးခင် ဘာမှဖြစ်မသွားဖို့
အဓိကက လစ်ရင် လစ်သလို သမ်းဝေဖို့
အဓိကက ရန်ကုန်မှာ ဒါမျိုးမရဘူး အထူအပါး နားလည်

ခန္ဓာကိုယ်အနှံ့အပြား ၀ိုင်ယာကြိုးတွေနဲ့ တွယ်ချိတ်ထားတာ
ဟောင်းလောင်းပေါက်အာရုံအလုံးစုံကို  ပလပ်ပေါက်ထင်ပြီး
ဂျက်ပင်တွေက လာလာထိုးကြ
မျက်နှာကျက်ထဲ ဘ၀တစ်ခုလုံး မြှုပ်ထားတဲ့ဖန်ချောင်း
ကုပ်ချောင်းချောင်း လင်းလင်းပြီး သူ့ကိုယ်သူ ပွတ်ပွတ်ကြည့်နေ
နေ့ခင်းကြောင်တောင် ငိုက်မြည်းနေတတ်တဲ့ပန်ကာကြီးက
လည်မြိုကို လှီးဖြတ်ဖို့ တ၀ှီးဝှီး ချောင်းမြောင်းနေသလိုလို

ပေသုံးဆယ်ပေခြောက်ဆယ်အခန်းထဲ မျက်လုံးတွေ ဘယ်မှ မရွေ့
နေ့လည်စာအဖြစ် စက္ကူတွေကို ၀ါးစားတယ်
ကိန်းဂဏန်းနဲ့စာရင်းဇယားတွေကို သောက်တယ်
ခလုတ်တစ်ချက်နှိပ်လိုက်ရင် ခေါင်းညိတ်တယ်
စကားတစ်ခွန်းပြောရင် “ ရက်စ် ”လိုက်တယ်
ဘာအဓိပ္ပာယ်မှန်း မသိတဲ့
“ မင်္ဂလာပါ” နဲ့ “ ကျေးဇူးတင်ပါတယ် ”ကို
မိဘပေးတဲ့အမွေလို မြေ၀ယ်မကျ ပြောတယ်

လက်မထိပ်ကို သံနဲ့ရိုက်ရွေးတဲ့သူရဲကောင်းတွေလောက်တော့
ပျင်းတောင် ပျင်းသေးဆိုတာမျိုး
တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေ တဖျင်းဖျင်းထနေတာတောင်
နာကျင်ရကောင်းမှန်း မသိဘူး

ခေါင်းထဲက ညှော်နံ့တွေ ထွက်လာတဲ့အထိ
တစ်နာရီ မိုင်တစ်ထောင်နှုန်းနဲ့ အပြေးအလွှား တွေးတယ်
အားကုန်သွားတဲ့ဘတ္ထရီကို ပြန်ဖြည့်ဖို့ ကသောကမျော အိပ်လိုက်ရ
မနက်လင်းရင် ရှော့ခ်တိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်နှိုးလိုက်ရ

သစ်ပင်တွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး
လူတွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တယ်
ကိုယ့်စိတ်ကို ပြန်မျှားနေမိတဲ့နံရံကနေ
ပဲ့တင်သံ ပြန်မလာတော့ဘူး
                                                                          ကိုသျှား