Pages

Saturday, September 22, 2012

မြို့ပြလူ

အဓိကက ဘာမှဖြစ်မလာသေးခင် ဘာမှဖြစ်မသွားဖို့
အဓိကက လစ်ရင် လစ်သလို သမ်းဝေဖို့
အဓိကက ရန်ကုန်မှာ ဒါမျိုးမရဘူး အထူအပါး နားလည်

ခန္ဓာကိုယ်အနှံ့အပြား ၀ိုင်ယာကြိုးတွေနဲ့ တွယ်ချိတ်ထားတာ
ဟောင်းလောင်းပေါက်အာရုံအလုံးစုံကို  ပလပ်ပေါက်ထင်ပြီး
ဂျက်ပင်တွေက လာလာထိုးကြ
မျက်နှာကျက်ထဲ ဘ၀တစ်ခုလုံး မြှုပ်ထားတဲ့ဖန်ချောင်း
ကုပ်ချောင်းချောင်း လင်းလင်းပြီး သူ့ကိုယ်သူ ပွတ်ပွတ်ကြည့်နေ
နေ့ခင်းကြောင်တောင် ငိုက်မြည်းနေတတ်တဲ့ပန်ကာကြီးက
လည်မြိုကို လှီးဖြတ်ဖို့ တ၀ှီးဝှီး ချောင်းမြောင်းနေသလိုလို

ပေသုံးဆယ်ပေခြောက်ဆယ်အခန်းထဲ မျက်လုံးတွေ ဘယ်မှ မရွေ့
နေ့လည်စာအဖြစ် စက္ကူတွေကို ၀ါးစားတယ်
ကိန်းဂဏန်းနဲ့စာရင်းဇယားတွေကို သောက်တယ်
ခလုတ်တစ်ချက်နှိပ်လိုက်ရင် ခေါင်းညိတ်တယ်
စကားတစ်ခွန်းပြောရင် “ ရက်စ် ”လိုက်တယ်
ဘာအဓိပ္ပာယ်မှန်း မသိတဲ့
“ မင်္ဂလာပါ” နဲ့ “ ကျေးဇူးတင်ပါတယ် ”ကို
မိဘပေးတဲ့အမွေလို မြေ၀ယ်မကျ ပြောတယ်

လက်မထိပ်ကို သံနဲ့ရိုက်ရွေးတဲ့သူရဲကောင်းတွေလောက်တော့
ပျင်းတောင် ပျင်းသေးဆိုတာမျိုး
တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေ တဖျင်းဖျင်းထနေတာတောင်
နာကျင်ရကောင်းမှန်း မသိဘူး

ခေါင်းထဲက ညှော်နံ့တွေ ထွက်လာတဲ့အထိ
တစ်နာရီ မိုင်တစ်ထောင်နှုန်းနဲ့ အပြေးအလွှား တွေးတယ်
အားကုန်သွားတဲ့ဘတ္ထရီကို ပြန်ဖြည့်ဖို့ ကသောကမျော အိပ်လိုက်ရ
မနက်လင်းရင် ရှော့ခ်တိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်နှိုးလိုက်ရ

သစ်ပင်တွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး
လူတွေလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တယ်
ကိုယ့်စိတ်ကို ပြန်မျှားနေမိတဲ့နံရံကနေ
ပဲ့တင်သံ ပြန်မလာတော့ဘူး
                                                                          ကိုသျှား

No comments:

Post a Comment