ကလေးဘ၀ကနေလှမ်းကြည့်တုန်းက ဝေးခဲ့ဖူးတဲ့ကြယ်တွေဟာ
ဒီအသက်ဒီအရွယ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ပိုပြီး အနေဝေးလာ
ကိုယ့်ရောဂါနဲ့ကိုယ် အဆုံးစီရင်လိုက်ဖို့ ထစ်အခဲ့ရလေသလား
မာနဟာ မြွေနာတစ်ကောင်လို မှိန်းခွေနေတယ်
လောကဓံပေးတဲ့ဒဏ်ရာတွေ ကဗျာလုပ်ရေးလို့ရရင် ကောင်းမယ်
ကျေးဇူးပြုပြီး ဘာရယ်မဟုတ်တဲ့လှောင်ပြောင်ချင်စိတ်တွေကို နည်းနည်းလေး အသံလျှော့ပေးပါ
ကျေးဇူးပြုပြီး လက်လှမ်းမီရာလောင်တတ်တဲ့မျက်လုံးတွေကို နည်းနည်းလေး မီးစာလျှော့ပေးပါ
ဘ၀ဆိုတာ နိုင်ငံခြားဘာသာစကား၊ လူတိုင်း အသံထွက်မှားတတ်ကြမယ်
ငါစိုက်ပျိုးခဲ့တာ အဆိပ်ပင်တွေဆိုရင်လည်း ငါကိုယ်တိုင်ပဲ အကုန်အစင် ရိတ်သိမ်းမယ်
ငါ့တစ်ကိုယ်တော်လောင်မြိုက်မှုတွေရဲ့ဘေးမှာ ညတွေဟာ မှောင်မှောင်မည်းမည်း ၀ိုင်းဖွဲ့ထိုင်ကြမြဲ
အရည်ပျော်နေတဲ့ငါ့အနုပညာရွှေသားရုပ်တုရဲ့ဘေးမှာ ငါဟာ အရူးမီးဝိုင်း လူခြေတိတ်နေမြဲ
စိုးရိမ်တတ်သူလေးရဲ့စိတ်မချမှုတွေ
ဘ၀တစ်လျှောက်လုံး နောက်ဆံတငင်ငင် အုံ့ဆိုင်းလိုက်လာတယ်
လတ်ဆတ်တဲ့ပုထုဇဉ်မိန်းမသားဆိုတော့
သူ့ရဲ့မိခင်စိတ်ဟာ ငါ့ဆီ တစ်နည်းမဟုတ်တစ်နည်း လာလာလင်းပေမပေါ့
လမ်းဟာ အကျအရှုံးလို့ နာမည်ပြောင်းပြီး တံခါးကို လာခေါက်တဲ့အခါ
လက်ပြန်တုပ်နှောင်ထားတဲ့ကြိုးတွေ သူ့အလိုလို ပြေလျော့သွားမှာပါ
အမာရွတ်ကို ဖွဖွလေး ပွတ်သပ်နေရင်း စိတ်မှာ ရွက်ပုန်းဓားတွေ များခဲ့ပြီ
ဝမ်းနည်းစရာကြုံတဲ့အခါ မျက်ရည်ကျဖို့ထက် ခပ်အအ ကြောင်ကြည့်နေမိတယ်
ပျော်ရွှင်စရာကြုံတဲ့အခါ ရယ်မောလိုက်ဖို့ထက် ခပ်ထုံထုံ မျက်မှောင်ကြုံ့နေမိတယ်
ဖောက်ပြီးသာစုဗူးအခွံတစ်လုံးလို ကိုယ့်ခေါင်းကိုယ်ခေါက်ချနေတဲ့သားရဲစိတ်တွေ ပဲ့တင်သံ ကြားရ
ညားခါစလင်မယား သေကွဲကွဲသလို ကမ်းကုန်အောင် အမှတ်ရခြင်းတွေ သွေးပျက်ဖွယ် ကြုံရ
တိုက်ပွဲမှာ ကိုယ့်လက်မောင်းသွေးကိုယ် ဖောက်သောက်ပြီး အာသာဖြေခဲ့ပါတယ်
ရန်သူ့ခံတပ်ကို အပြီးသတ်သိမ်းပိုက်ဖို့ ကိုယ့်အသားကိုယ် လှီးစားပြီး အားဖြည့်ခဲ့ပါတယ်
တသုန်သုန်တိုက်ခတ်နေတဲ့လေစီးထဲ ငါ့နာမည်ကို တစ်မှုန်ချင်း ခြွေလှေ့ပစ်လိုက်ကြပါတော့
အားလုံး ထင်ထားတဲ့အတိုင်းပဲ၊ ငါ မအောင်မြင်ခဲ့ဘူး
ကိုသျှား
No comments:
Post a Comment