Pages

Tuesday, May 29, 2012

ရွှေငါးလေးနဲ့ဝေးဝေးက နေ့စွဲတွေ

တစ်မြို့တည်းမှာ အတူရှိနေတုန်းကတောင် တစ်ကိုင်းတည်းပွင့်ခွင့်မရခဲ့တာ
အခုလို တစ်မြို့စီ ဝေး တစ်ပင်စီ ဘ၀ခြားခဲ့ရတော့
တစ်ယောက်သတင်းစကားကို တစ်ယောက် ဘယ်လို နားစွင့်မလဲ
သံယောဇဉ်ကို အကွာအဝေးနဲ့ တိုင်းတာမှာလား
သတိရစိတ်ကို မျက်ရည်နဲ့ တိုင်းတာမှာလား
စာရေးပို့ချင်ပေမယ့် မင်းလိပ်စာ ဘယ်ဆီဘယ်ဝယ်
ဖုန်းခေါ်ဆိုတိုင်း ထစ်အသွားခဲ့ရတဲ့လွမ်းဆွတ်မှုတွေ ထပွက်တယ်

လမ်းလျှောက်ရင်း မတော်တဆ ခလုတ်တိုက်မိတဲ့အခါ
ငါ့အကြောင်းတွေးပြီး မဆီမဆိုင် ရင်မောနေမလား
ဘုရားပန်းအိုးမှာ နှင်းဆီပန်းထိုးရင်း မတော်တဆ ဆူးခြစ်ခံရတဲ့အခါ
ငါ့ကျန်းမာရေးဟာ သွေးစို့နေတယ်လို့ တခုတ်တရ သက်ပြင်းချနေမလား
ဘယ်လိုအတိတ်နိမိတ်တွေမှ မမြင်ရမကြားရပေမယ့်
မိတ္တဗလဋီကာကိုမကျွမ်းကျင်သူ မင်းအတွက် ငါ နေ့တိုင်း ရတက်မအေးဘူး

သွေးနဲ့သားနဲ့လူသားစစ်စစ်ပါ
ငါ့ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဟာ မင်းဖြစ်ခဲ့ပြီပဲ
သိမ်သိမ်မွေ့မွေ့လေးတော့ လွမ်းမိတာပေါ့
လူ့ဘုံခန်းဝါထဲ ငိုတဲ့အခါ ငိုမယ်၊ ရယ်တဲ့အခါ ရယ်မယ်
ဖြစ်သမျှအကြောင်း အကောင်းတရားနဲ့
ကိုယ့်ဒုက္ခကိုယ် အဖန်တလဲလဲ  ဖြေတွေးနေရတယ်

သံသယတစ်ဝက်နဲ့ယုံကြည်တတ်တာ ကောင်းပါတယ်ရွှေငါးလေးရယ်
မင်းသောက်တဲ့လက်ဘက်ရည်တောင် တစ်ခါတစ်ခါ အရသာမမှန်ဘူးမဟုတ်လား
ကလေးတစ်ယောက်ရဲ့လက်ထဲက ဓားမြှောင်နဲ့
ဆပ်ကပ်သမားတစ်ယောက်ရဲ့လက်ထဲက ဓားမြှောင်ဟာ
အဓိပ္ပာယ်ချင်းတော့ အတူတူပါပဲကွာ
အနံ့ခံကောင်းတဲ့မုဆိုးတစ်ယောက်ရဲ့လမ်းမှာ ဖြတ်လျှောက်မိတဲ့သားကောင်လို
ငါတို့ဘ၀တွေဆိုတာ အသက်ကို အလောင်းအစားလုပ်နေရတဲ့ကစားပွဲတစ်ခုလို

ရွှေငါးလေးရေ . . .
မင်းချစ်တဲ့ပင်လယ်ပြင်ကြီးကို အသံထွက်မှန်အောင် မင်း ဖတ်တတ်ပြီလား
မင်းပြန်အလာကို စောင့်မျှော်ရင်း ငါရပ်နေတဲ့ကမ်းစပ်က မြွေပါးကင်းပါးများလွန်းတယ်
                                                                              
                                                                              ကိုသျှား

No comments:

Post a Comment