Pages

Wednesday, May 9, 2012

ဆွေး

အရင်လို လူတွေ ကျဉ်ထားတဲ့စားပွဲဝိုင်းမှာ တစ်ယောက်တည်းပဲလား
ကျွန်တော်ထိုင်နေကျခွေးခြေခုံလေးကို ဆယ်ကျော်သက်တစ်ယောက်လို
လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေမှာလား
နှစ်ယောက်တည်းအားနဲ့ မြို့တည်ခဲ့ဖူးတဲ့စကားဝိုင်းလေးမှာ
တစ်ယောက်တည်းရုန်းကန်နေရတဲ့တိတ်ဆိတ်မှုက
ကျယ်လောင်လွန်းနေမယ်ဆိုတာ ကျွန်တော် သိတယ်

ဦးလေးအောင်က သောကကို တရားနဲ့ ငြှိမ်းသတ်တယ်
ကျွန်တော်က ဘ၀ကို ဓားနဲ့ တောရှင်းတယ်
ဦးလေးအောင်နဲ့ကျွန်တော်က အတွေ့အကြုံပေါင်း လေးဆယ့်ငါးနှစ်စာ ဝေးတယ်

ဦးလေးအောင် ပြောခဲ့တယ်
“ မင်းနဲ့တွေ့တဲ့အချိန်တိုင်း ငါ့ကိုယ်ငါ အဘိုးအိုတစ်ယောက်ဆိုတာ မေ့သွားတယ်
ငါ့ဇရာကို သွေးသစ်လောင်းပြီး နုပျိုစေခဲ့တဲ့အတွက် ကျေးဇူးပါသျှားလေး ”
ကျွန်တော် ပြောခဲ့တယ်
“ လသာသာညလေးတွေမှာ အိမ်ရှေ့ကွပ်ပျစ်ပေါ် ရေနွေးကြမ်းထိုင်သောက်ရင်း
အတိတ်ကို အဓိပ္ပာယ်ရှိရှိ ပြန်တွေးအောက်မေ့ကြတာပေါ့ဦးလေးအောင်ရယ် ”

စားဝတ်နေရေးက တောင်းဆိုတော့ သံယောဇဉ်ကို ထိုးကျွေးခဲ့ရတာပေါ့
ဦးလေးအောင်ရဲ့တစ်နိုင်တစ်ပိုင်ကွမ်းခြံလေး နေကောင်းထိုင်သာရှိဖို့
မေတ္တာပို့ဆုတောင်းရတာ နေ့စဉ်နဲ့အမျှ
ဦးလေးအောင်ရဲ့တရုတ်စက်ဘီးလေး အားကောင်းမောင်းသန်
ဒေါင်ဒေါင်မြည်စေချင်တာကလည်း အမောပါပဲ
လာချင်လည်း မနီးတော့တဲ့ခရီးမို့ စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး

အခု ကျွန်တော်ဟာ ကုန်းခေါင်ခေါင်ပေါ် အရှင်လတ်လတ် ပစ်တင်ခံထားရတဲ့ငါးတစ်ကောင်
ကျွန်တော် အသေခံဖက်တွယ်ခဲ့တဲ့အနုပညာဟာ ကျွန်တော့်ရင်ဝကို ခြေစုံကန်တယ်
ကျွန်တော်က ပါရမီရှင်မဟုတ်တော့ မာရီယာကလည်း ပါရမီမဖြည့်ခဲ့ပါဘူး
ဒီအကြောင်းတွေ ဦးလေးအောင်ကို ပြောပြရင်
ဟိုတုန်းကလို တည်တည်ငြိမ်ငြိမ် ပြုံးပြနှစ်သိမ့်ဦးမှာလား

“ မနက်ဖြန်ဆိုတာ အဝေးကြီး၊ တမလွန်ဆိုတာ နီးနီးလေး ”
                                              (အရှင်ဇနကာဘိဝံသ)

ဘ၀ကို ပျော်သလိုဖြတ်သန်းရတာ မလွယ်ဘူး
ဘ၀မှာ ဖြစ်သလိုနေရတာ ပိုခက်တယ်
ခြေသံလုံလုံနဲ့ နင်းလျှောက်လာတဲ့သေခြင်းတရား
ကျွန်တော်တို့ရဲ့ရှင်သန်မှုကို ခိုးယူမသွားခင်
ဦးလေးအောင်ဆီ တစ်ခေါက်လောက်တော့ ပြန်ရောက်ချင်သေးတယ်
                                                                              ကိုသျှား

No comments:

Post a Comment